မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသူများ အဆင်ပြေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသူများ အဆင်ပြေလျက်ရှိ

 




MNP ၊  ဩဂုတ်  ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသည့် တံငါလုပ်ငန်းရှင်များမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရေလုပ်ငန်းများလုပ်ကိုင်ကြသည့် အမှတ်(၃)ရပ်ကွက်နေ ပြည်သူများမှ သိရသည်။


 ကမ်းရံပိုက်ကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် ငါးဖမ်းခြင်းလုပ်ငန်း၌ အသုံးပြုကြရာတွင် ပိုက်အမည်ခေါ်ဝေါ်သုံးနှုန်းကြခြင်းမှာ ဒေသအလိုက်ကွဲပြားမှုရှိကြသည်။ ကမ်းရံပိုက်ဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ မအီမြို့၊ အမှတ်(၃)ရပ်ကွက်မှ ကိုစံသာခိုင်ကို မေးမြန်းကြည့်ရာတွင် " ကျွန်တော်တို့ လုပ်ငန်းက တစ်လမှာ ဆယ်ရက်လောက်တော့ နားရပါတယ်။ လဆန်း/လဆုတ် (၁၁)ရက်နေ့လောက်က ကမ်းရံပိုက်ကို စက်လှေပေါ်တင် ချောင်းထဲဆင်းပြီး ငါးဖမ်းထွက်တာ လပြည့်/လကွယ်ပြီးလို့ (၆)ရက်နေ့လောက်မှ ပိုက်သိမ်းပြီး အိမ်ပြန်နားရတာပါ။ လဆန်း/လဆုတ်တိုင်း တစ်ကြိမ်ဆင်းရင် ဆယ်ရက်နီးပါးကြာပါတယ်။ နေ့စဉ် အရုဏ်တက်ချိန် နံနက်ဈေးအမီ ငါးလာပို့ရပါတယ်။ ငါးကတော့ ငါးခူ၊ ငါးတန်၊ ငါးရွှေ၊ ကကတစ် အစုံပါပဲ။ ပုဇွန်တွေလည်းရပါတယ်။ ငါးအရွယ်အစား အကြီးအသေးပေါ် မူတည်ပြီးတော့ ရောင်းရတဲ့ ဈေးနှုန်းကွာဟမှုရှိပါတယ်။ ကကတစ်(၁)ပိဿာကို ကျပ် ၁၂၀၀၀ ကနေ ၁၅၀၀၀ အထိရောင်းရပါတယ်။ ငါးဈေးနှုန်းက အကြီးအသေးနဲ့ဆိုင်သလို ငါးရှားပါးမှု/ပေါများမှုနဲ့လည်း ဆိုင်ပါတယ်။ " ဟု ပြောကြားသည်။


အဆိုပါ ကမ်းရံပိုက်တစ်ဖောင်လျှင် အလျားပေ(၂၄၀၀)မှ (၄၄၀၀)အထိ ရှည်လျားပါကြောင်း၊ ဒီရေကျချိန်မှာ မြစ်ချောင်းကမ်းစပ်တစ်လျှောက် တိုင်များစိုက်ထူ၍ ဒီရေတောကို ကာရံပြီး ဒီရေပြန်မတက်ခင်မှာ ငါးဖမ်းရန်အသင့် အပြီးသတ် စီစဉ်ရပါကြောင်း၊ ဒီရေတက်၍ ပြည့်လာချိန်တွင် အဆိုပါ ကမ်းရံပိုက်မှာ ထောင်လျက်အနေအထားဖြင့် ရေအောက်သို့နစ်မြုပ်ပြီး ပိုက်ကိုကျော်လွန်၍ ဒီရေတောထဲသို့ ဝင်ရောက်လာသည့် ငါးများကို ဒီရေပြန်ကျချိန်တွင် ဖမ်းယူရခြင်းဖြစ်ကြောင်း၊ ဒီရေကြီးခြင်း/ငယ်ခြင်းအပေါ်မူတည်၍ ငါးရရှိမှုမှာ ကွာဟမှုရှိကြောင်း၊ ဒီရေကြီးလျှင် ငါးများများရရှိနိုင်ပါကြောင်းနှင့် ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းမှာ ပင်ပမ်းသော်လည်း မိသားစုစားဝတ်နေရေး ဖူလုံပါကြောင်း၊ ငါးများရှာဖွေဖမ်းဆီးခြင်းကို ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒီရေတောများ စသည့် ဝေးလံသည့်ဒေသများသို့ သွားရောက်ဖမ်းဆီးရသည့် အခါများတွင် ယခုကာလ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ယခင်ကလောက် တွက်ချေမကိုက်တော့ကြောင်း၊ အမြတ်ကျန်ရှိမှု နည်းပါလာကြောင်း သိရသည်။



ရခိုင်ကမ်းရိုးတန်းရှိ မြို့နယ်အများစုတွင် လူနည်းစုဖြင့် အလုပ်ဖြစ်သည့် အဆိုပါ ကမ်းရံပိုက်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်လာသူ ရေလုပ်ငန်းရှင်များမှာ ယခင်နှစ်များထက် များပြားလာကြောင်း ကိုစံသာခိုင်က ဆက်လက်ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)