လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ


MNP ၊ ဩဂုတ် ၂၉

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အသင်းအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုအဖွဲ့ဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများအကြား အချိတ်အဆက်မိမိ ပူးပေါင်းအကောင်အထည်ဖော်နိုင်စေရန်၊ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်းအပေါ် အလေးထားအကောင်အထည်ဖော်ရန်၊ ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်ကို ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်ရည်ရွယ်ကာ ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ပင်မတာဝန်များကို ထမ်းဆောင်ရင်း နိုင်ငံ၏အမျိုးသားရေးတာဝန်ဖြစ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို ထိရောက်စွာ အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း။


ပြောင်းလဲလာသည့်လူကုန်ကူးပုံစံများကို လေ့လာအကဲဖြတ်ပြီး တားဆီးကာကွယ်ကြရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုများသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုများနှင့် ဆက်နွှယ်ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု၊ ပိုမိုထိခိုက်လွယ်သော စီးပွားရေး၊ လူမှုရေးစံနှုန်းများနှင့် မိသားစုနောက်ခံများအပေါ် လူကုန်ကူးသူများက အလွဲအသုံးပြုကျူးလွန်သဖြင့် လူကုန်ကူးမှုများ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက်နေသော အင်တာနက်နည်းပညာများကိုအသုံးပြု၍ လူကုန်ကူးသူများက လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြောင်း။


၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်၌ အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၉ အရ အွန်လိုင်း၊ အီလက်ထရောနစ်ကို အသုံးပြု၍ လူကုန်ကူးမှုကျူးလွန်ခြင်းများကို ဖော်ထုတ်ဟန့်တားနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအဆင့် ဒေသအဆင့် သဘောတူစာချုပ်များပါ ပြဋ္ဌာန်းချက်များ၊ ညီလာခံများနှင့် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များအပါအဝင် အကောင်အထည်ဖော်ရမည့်အချက်များကို ပူးပေါင်းအကောင်အထည်ဖော်သွားကြရန် တိုက်တွန်းလိုကြောင်း။


အမေရိကန်အစိုးရ၏ ၂၀၂၂ ခုနှစ်၊ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အနိမ့်ဆုံး အဆင့် Tier-3 သတ်မှတ်ပြီး အကြံပြုချက်(၁၃)ချက် ဖော်ပြထားရှိရာ အဆိုပါအကြံပြုချက်များသည် မိမိတို့နိုင်ငံတွင် လက်တွေ့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့်အချက်များဖြစ်ကြောင်း၊ အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပကတိဆောင်ရွက်ချက်များအပေါ် ထင်ဟပ်မှုမရှိကြောင်း၊ ယခုအစည်းအဝေးမှ အနာဂတ်အတွက် အရေးကြီးသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ ဗဟိုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။


ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်၏ လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ရလဒ်ကောင်းများရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အခက်အခဲနှင့်စိန်ခေါ်မှုများကို ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းကြရန်ပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)