MNP - ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် မြို့မိမြို့ဖများဦးစီး ဆောင်ရွက်သော (ပထမအကြိမ်) “ဝါတွင်းကာလ ဆွမ်းဆန်၊ ဆီ” စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်လိုက်ပြီး မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် သံဃာတော် အရှင်သူမြတ်များထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များအား ဝါတွင်းကာလအတွင်း သံဃာတော်များ ဆွမ်းအခက်အခဲမရှိစေရေးအတွက် ဆန် ၂၄ ပြည်ပါ အိတ်(၂၀)၊ စားဆီနှစ်ဖာ၊ မားမားခေါက်ဆွဲခြောက် ငါးဖာ၊ ကြက်သွန်၊ ဆပ်ပြာမှုန့်၊ ရေသန့်နှင့်အတူ ဝတ္ထုငွေတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မိုင်းယုဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများက စုပေါင်းဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည် ။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment