ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်



MNP ၊ ဩဂုတ် ၂၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) ကို ယမန်နေ့ညနေ ၃ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယနေ့အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်သည့် သက်တမ်းကာလအတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အပံ့ဖြစ်ပြီး ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကောင်းရရှိရန် အကောင်းဆုံးအခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ နေပြည်တော် တွင် ကျင်းပခဲ့သည့် ၆ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆိုင်ရာ ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကျော်ရှိသည့်အနက်မှ ကျပ်ဘီလီယံ ၄၀၀ ကို ကိုဗစ် - ၁၉ ရောဂါကြောင့် ထိခိုက် ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် သုံးစွဲနိုင်ရေး လမ်းညွှန်စီမံမှု ပြုခဲ့ကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးဖော် ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ငွေကျပ် ၁၀ ဘီလီယံစီ ရရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အနေနှင့် ငွေကျပ် ၁၀ ဘီလီယံ မတည်ထောက်ပံ့မှု ရရှိခဲ့သည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စေတနာကို သိမြင်နားလည်ပြီး ရခိုင်ပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ထားပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခုရရှိသည့် မတည်ထောက်ပံ့ငွေများကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနိုင်ရေး စိစစ်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ငွေသုံးစွဲမှု၊ ပြန်လည်ရရှိမှုနှင့် ရရှိသည့်အကျိုးကျေးဇူးများကို စနစ်တကျမှတ်တမ်းထားရှိခြင်း စီမံကိန်းကျေးရွာများ စီမံကိန်းလုပ်ငန်းများသို့ ကွင်းဆင်စစ်ဆေးခြင်း၊ လိုအပ်သည့်လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း ကဏ္ဍများတွင် တာဝန်ကျရာနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်ရှင်းလင်းတင် ပြကြကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများသုံးစွဲရေး လုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)