ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှုအားပေး



MNP - သြဂုတ်   ၃၁


၂၀၂၂ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် လွှတ်တော်ရုံး၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာအခြေချ (ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တစ်ဦးချင်းအလွတ်တန်း (အကြီးတန်း)  ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်အတွင်းမှာ လာရောက်တာဝန်ထမ်းဆောင်ကြ သည့် ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများအားလုံး တစ်ပျော်တပါး ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ပျော်ရွှင် ကြည်နူးဖွယ် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲလေးပဲဖြစ်ကြောင်း၊ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေ ကြတဲ့ နိုင်ငံ့ဝန်ထမ်းများအားလုံး စိတ်ထွက်ပေါက်တစ်ရပ် အနေနဲ့ စိတ်လက်ပေါ့ပါး လန်းဆန်းလာစေရေး၊ ဌာနအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လာကြစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ယခုလို အားလုံးပူးပေါင်း ပါဝင်ကစားနိုင်သည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုတာ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမားကြံ့ခိုင်မှု၊ ဇွဲ၊ လုံလ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး တရားမျှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှု တွေပဲဖြစ်ပါကြောင်း၊ အလားတူ အားကစားဟာ နိုင်ငံသူနိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုထက်သန်စေနိုင်ကာ ယှဉ်ပြိင်မှုတိုင်းမှာ အနိုင်မခံ၊ အရှုံးမပေးသည့် ခိုင်မာသည့်စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေသည့်အတွက် နိုင်ငံ အသီးသီးများကလည်း မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နည်းအားဖြင့် မိမိနိုင်ငံပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ဖို့အတွက် ပြည်တွင်း အားကစားပြိုင်ပွဲများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြတာ တွေ့မြင် နေရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့်နေရာမှာလည်း အားကစားကဏ္ဍဖွံ့ဖြိုးရေး နှင့် အားကစားဖြင့် ဝန်ကြီးဌာန အချင်းချင်း ပိုမိုရင်းနှီးချစ်ခင်ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ပြုလုပ်သွားရေး မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ချင်းပြည်နယ် အစိုးရအနေဖြင့်လည်း အခြားအားကစားပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး ဆက်လက် တွန်းအားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် တစ်ဖက်တွင်လည်း ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ကျရာ ကဏ္ဍမှ ဆတက်ထမ်းပိုး သယ်ပိုးနိုင်ကြပါစေကြောင်း ထည့်သွင်းပြောကြား သည်။


ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ ချီးမြှင့်ကြရာ လူသစ်တန်း(အငယ်တန်း) ပြိုင်ပွဲတွင် တတိယဆု ရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၁) သိန်းကို  တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက လည်းကောင်း၊ ဒုတိယဆု ရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၂)သိန်းကို   ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးကလည်းကောင်း၊ ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၃) သိန်းကို  ပြည်နယ်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ အလွတ်တန်း(အကြီးတန်း) ပြိုင်ပွဲတွင် တတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၂)သိန်းကို လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် ကလည်းကောင်း၊ ဒုတိယဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၃)သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက လည်းကောင်း၊ ပထမဆုရရှိ သူအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၄)သိန်းကို အနောက်မြောက် တိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လည်းကောင်း၊ အသင်းလိုက် ပြိုင်ပွဲတွင် တတိယဆု ရရှိသည့် ပညာရေးဒီဂရီကောလိပ်အသင်းအား ဆွဲပြား၊ ဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းကို  စီးပွားရေးရာ ဝန်ကြီး ဦးဟန်ကျင့်ဇမ်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပြည်နယ်အခွန်များဦးစီးဌာန အသင်းအား ဆွဲပြား၊ ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၄)သိန်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က လည်းကောင်း၊ ပထမဆုရရှိသည့်   ဟားခါးတက္ကသိုလ်အသင်းအား ဆွဲပြား၊ ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်း ကို  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ပညာရေးဒီဂရီ ကောလိပ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး အဆိုပါ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနပေါင်းစုံ အားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးကြသည်။


စားပွဲတင်တင်းနစ်ပြိုင်ပွဲကို  သြဂုတ်လ ၂၇ ရက်မှ ၃၀ ရက်နေ့ထိ (၄)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာန အသီးသီးမှ တစ်ဦးချင်းပြိုင်ပွဲဝင်ကစားသမား (၃၇)ဦးနှင့် အသင်းလိုက်ပြိုင်ပွဲတွင် အသင်း (၆) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)