ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်



MNP - သြဂုတ်   ၂၅


၂၀၂၂−၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၂၅ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် ကျန်းမာသန်စွမ်းတဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှ သက်တမ်းတိုးမြှင့်နိုင် ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိရာမှာ ကျောင်းသား လူငယ်တွေရဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးဟာလည်း အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ဟာ နိုင်ငံသားများရဲ့ ပညာရေးနဲ့ကျန်းမာရေး အဆင့်အတန်းပေါ်မှာ မူတည်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးများရဲ့ ကျန်းမာရေးဟာ အလွန်အရေးကြီးကြောင်း၊ ကျောင်းသားလူငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာ သန်စွမ်းမှသာ  အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနလက်တွဲပြီး နိုင်ငံအနာဂတ်ရဲ့ အင်အားစုတွေဖြစ်တဲ့ ကျောင်းသားလူငယ်များအတွက် ကျန်းမာရေးကို အထူးဂရုပြု၊ ပြုစုပျိုးထောင်စောင့်ရှောက်လျက် ရှိပါကြောင်း၊ ငယ်ရွယ်စဉ်ကတည်းကပင် အမူအကျင့် ကောင်းများရရှိဖွံ့ဖြိုးလာမှသာ၊ ၎င်းအမူအကျင့်ကောင်းများသည် အရွယ်ရောက်ပြီးသည့်အထိ အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ကျောင်းသားအရွယ်သည် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပြုမှုရွေးချယ် စားသောက်တတ်အောင် ပြုစုပျိုးထောင်ပေးဖို့ အကောင်းဆုံးအရွယ် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မူလတန်းပညာရေးအတွက် Net enrollment rate သည် (၈၆.၄) ရာခိုင်နှုန်းရှိသည်ဖြစ်ရာ မြန်မာနိုင်ငံရှိ မူလတန်း အရွယ်ကလေးများရဲ့ ရာခိုင်နှုန်းများစွာသည် ကျောင်းများတွင် ရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ယူနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ ပညာရေးရည်မှန်းချက်များ ပြည့်မီစေရေးအတွက် အထောက်အကူဖြစ်စေသည်ကို အားလုံး သိရှိပြီးဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏဖွံ့ဖြိုးခြင်းဟာ အနာဂတ် နိုင်ငံတော်အတွက် ကောင်းမွန်သော အရင်းအနှီးဖြစ်တဲ့အတွက် ကျောင်းသားလူငယ်များ ကျန်းမာရေး အဆင့်အတန်းမြင့်မားဖို့အတွက် ပညာရေးနှင့်ကျန်းမာရေး လက်တွဲပြီး အခြားနှီးနွယ်ဌာနများ၊ မိဘများ၊ ပြည်သူလူထုများရဲ့ကူညီပံ့ပိုးမှုနှင့် ဆက်လက် ဆောင်ရွက်သွားကြဖို့ လိုအပ်တာမို့ “တစ်မျိုးသားလုံးကျန်းမာဖို့ ကျောင်းကျန်းမာရေးမြှင့်တင်လို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” လို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးများအား သံဓာတ်အားဆေး ပေးဝေ၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မူလတန်းကျောင်းသား/ကျောင်းသူများအား အာဟာရနှင့် သွားတိုက်ဆေးများ ပေးဝေပြီး ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများကို လှည့်လည်ကြည့်ရှုသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ဟားခါးပြည်သူ့ဆေးရုံရှိ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေသောလူနာများအား ကြည့်ရှုအားပေးစကားပြောကြား၍ တစ်ဦးချင်း ထောက်ပံ့ငွေများပေးအပ်ကာ ဟားခါးပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)