ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်



MNP - သြဂုတ်   ၂၅


ချင်းပြည်နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးခဲ့သည့် ရန်ပုံငွေ (၁၀) ဘီလီယံကိစ္စ ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၄ ရက် မွန်းလွှဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။


ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ဒေသအလိုက် လွှဲအပ်ခဲ့ရာ ချင်းပြည်နယ်အတွက် (၁၀)ဘီလီယံ လွှဲပြောင်းပေးအပ်ပါကြောင်း၊  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက်ရန်၊ ပိုလျှံမှသာ အခြားစီးပွားရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနတို့က ကျေးရွာအလိုက် ရွေးချယ်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းပုံစံဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း သတ်မှတ်သည့် ချေးငွေသက်တမ်းကာလအတွင်း အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြားချက်ရှိထားပြီးသား ဖြစ်သလို ချေးငွေသက်တမ်းကာလမှာလည်း လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားပြီးသား ဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီပြီး မြန်ဆန်စွာ အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ စီမံဆောင်ရွက်ကြရန် ဆွေးနွေးသည်။


ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ် သမဝါယမဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များနှင့် ဒေသအခြေအနေအရ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကိုလည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ် စီမံကိန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက နိုင်ငံ့စီပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဆိုင်ရာ ညွှန်ကြားချက်ပါ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ဆောင်ရွက်ရမည့် အခြေခံမူနှင့် စီမံကိန်းကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ ချေးငွေအတိုးနှုန်းနှင့် အတိုးကောက်ခံမည့် ကာလသတ်မှတ်ခြင်း၊ ငွေစာရင်းထိန်းသိမ်းထားရှိခြင်း စသည့်အချက်များကို လည်းကောင်း၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်း၏ လုပ်ထုံးလုပ်နည်းများနှင့် ယခင်ကြုံတွေ့ခဲ့ရသည့် လုပ်ငန်း အတွေ့အကြုံများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက နိုင်ငံတော်မှ ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတည်ပေးသော ရန်ပုံငွေအား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ အရင်းမပျောက်စေရေး၊ Quick Win အလျင်အမြန် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတာဝန်ထမ်းဆောင်သည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စေတနာထက်သန်စွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့မှလည်း မတည်ရန်ပုံငွေအား အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အကြုံပြုဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးများကလည်း လိုအပ်ချက်များ အကြံပြုဖြည့်စွက် ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)