ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ် နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ် နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး



MNP - သြဂုတ်   ၂၄


ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၄)နှစ်ပြည့် ငွေရတုအကြို တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြ သည်။


ရှေးဦးစွာ စာတမ်းဖတ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားတက္ကသိုလ်သည် ပညာသင်ယူဆည်းပူးရာ၊ အသိဉာဏ်ဗဟုသုတများကို ဖြန့်ဝေပေးရာ ဗဟိုချက်မ ပညာဘဏ် တိုက်တစ်ခုအဖြစ် ရပ်တည်၍ အသိပညာမျက်စိ အလင်းဖွင့်ပေးခဲ့သည်မှာ (၂၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် သုတေသနသည် တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အပြင် သုတေသနစာတမ်းဖတ်ပွဲတွင် ဆွေးနွေးမေးမြန်းကြခြင်းဖြင့် ရရှိလာသော အသိပညာ၊ အတတ်ပညာတို့ဖြင့် ဆင်ခြင်တွေးတောနိုင်သည့် အကောင်းမြင်ဝါဒကို ဆွဲကိုင်လျက် ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် နောင်လာမည့် နှစ်ငွေရတုမှသည် ရွှေရတုတိုင် အနာဂတ်သားကောင်းရတနာများ စဉ်ဆက်မပြတ် မွေးထုတ်ပေး နိုင်ပါစေကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက (၂၄)နှစ်မြောက် ငွေရတုအကြို တက္ကသိုလ် နှစ်ပတ်လည်အထိမ်းအမှတ် တက္ကသိုလ်၏ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ ပိုမိုအားကောင်းစေရေး သုတေသနစာတမ်းဖတ်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


ယင်း‌နောက် စာတမ်းဖတ်ပွဲကို ဘာသာရပ်နယ်ပယ် ၆ ခုမှ သုတေသနပြုစာတမ်း ၃၆ စောင်ကို ဘွဲ့နှင်းသဘင် ခန်းမဆောင်ရှိ ဧရာဝတီခန်းမ၊ မလိခခန်းမနှင့် ကျောက်စိမ်ခန်းမတို့တွင် ဖတ်ကြား တင်သွင်းသွားမည်ဖြစ်ရာ တက္ကသိုလ်သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာ M ရွယ်နှောင်းက ကချင်တိုင်းရင်းသားတို့၏ ဒဏ္ဍာရီလာ ရိုးရာဓလေ့ပွဲတော်ဖြစ်သည့် မနောပွဲတွင် စုပေါင်းဆင်နွှဲကြသည့် မနောအကနှင့် စပ်လျဉ်း၍ သုတေသနပြု စာတမ်းကို ဖတ်ကြားခဲ့ကြောင်း သိရသည်။


မြစ်ကြီးနားတက္ကသိုလ်ကို ၁၉၈၅ ခုနှစ်၊ ဇူလိုင် (၁၄) ရက်နေ့တွင် သက်ကြီးတက္ကသိုလ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် မြစ်ကြီးနားဥပစာကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ် မေလ (၂၃)ရက်နေ့တွင် ကချင်ပြည်နယ် ဒေသကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် (၂)နှစ်သင် ကောလိပ်အဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး အထူးပြုဘာသာရပ်များ စတင်သင်ကြားခြင်း ဖြင့် လည်းကောင်း၊ ၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ ချီးမြှင့်ပေးအပ်နိုင်သော မြစ်ကြီးနားဒီဂရီ ကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီ (၃)ရက်တွင် မြစ်ကြီးနားတက္ကသိုလ် အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ယခုနှစ်တွင် (၂၄)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)