မနေ့က ရေးခဲ့တဲ့ အကြောင်းလေးကို ဆက်လိုက်ပါအုံးမယ်။ အမေအိုနှင့် ကျောင်းသား ၂ယောက်လို့ ခေါင်းစဉ်တပ်ပြီး မနေ့ရေးသားဖော်ပြခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဒီကနေ့ အဲဒီ အန်တီ လာရင် ဖုန်းဆက်ပါလို့ ဇနီးကို မှာထားတော့ ကျောင်းထမင်းစားဆင်းချိန်မှာ သူ့ကလေးတွေကို ထမင်းလာကျွေးရင်း တွေ့လို့ ဖုန်းဆက်တယ်။ ဖုန်းနဲ့ ခဏအမေး အဖြေလုပ်ကြည့်တယ်။
မေး - အန်တီ က ကလေးတွေကို ကျောင်းထုတ်တော့မလိုလား။
ဖြေ - ဘယ်လိုမှ မတတ်နိုင်တော့လို့ပါ။ မဖြစ်မနေ မို့လို့ပါ။
မေး - ခဏနေပါအုံး။ ကျောင်းသား ၂ယောက်အတွက် စားဖို့ စီစဉ်ပေးရင်ရော
ဖြေ - ဟုတ် ကဲ့ ကျေးဇူးတင်ပါတယ်။ အခုလို ကူညီတာကို
မေး - ကျွန်တော် ပြောအုံးမယ်။ ကလေးတွေက တစ်နှစ်တည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ သူငယ်တန်းကနေ တက္ကသိုလ်အထိ မပူမပင် ထားပေးတဲ့ ဆရာတော်ဆီ အပ်ပေးရင်ရော အဆင်ပြေမလား။
ဖြေ - ကျွန်မကတော့ အဆင်ပြေပါတယ်။ ကလေးတွေကို မေးကြည့်ပါအုံးမယ်။ သူတို့က တခါမှ မခွဲဖူးတော့ မေးကြည့်လိုက်ပါအုံးမယ်။
ညနေ ကျောင်းဆင်းလို့ သားကို ကြိုရင်း သွားတော့ အန်တီနဲ့ တွေ့ရတယ်။ KG တန်းတွေက အရင်လွှတ်တာမို့ သူ့သားအငယ်လေး လွှတ်တဲ့အချိန်မှာ သူတို့သားမိနှစ်ယောက်ကို လိုက်ပို့ရင်း ထပ်ပြီး မေးကြည့်မိတယ်။
မေး - ဦးလေး ဆုံးတာ ကြာပြီလား။
ဖြေ - ကြာပြီ။
မေး - သားအကြီးကရော ဘယ်နှတန်းနဲ့ ထွက်တာလဲ။ အခု အသက် ဘယ်လောက် ရှိပြီလဲ။
ဖြေ - ၃တန်း နဲ့ ထွက်ရတာ။ သူကလည်း အလုပ် ပုံမှန် မရှိဘူး။
မေး - အလုပ် က ဘာအလုပ် လုပ်တာလဲ။
ဖြေ - ပန်းရံ နောက်လိုက်
မေး - အန်တီကရော ဘာလုပ်တာလဲ။
ဖြေ - ပန်းရံနောက်လိုက်
မေး - အခု နေတာကရော
ဖြေ - ကုမ္ပဏီက ငှားထားတဲ့ ခြံဝန်းထဲ ကပ်နေရတာ။ နောက် ၅လ ဆိုရင် ပြည့်ပြီ။
ဆိုင်ကယ်နဲ့ လိုက်ပို့ရင်း အန်တီရယ် စဉ်းစားပေါ့။ ကလေးတွေအတွက်က တစ်နှစ်တည်း မဟုတ်ဘူး။ နောက်နှစ် နောက်နှစ်တွေ ရှိသေးတယ်။ ကလေးတွေကို မေးပြီး ဆရာတော် ကျောင်းမှာ လိုက်အပ်ပေးရမယ်ဆိုရင်လည်း ကျွန်တော် ဆောင်ရွက်ပေးပါ့မယ်လို့ ပြောခဲ့တယ်။
KG တန်း ကျောင်းသားလေးက မုန့်ပဲသွားရည်စာ အရမ်းလိုအပ်နေတဲ့ သဘော။ ဇနီးက မုန့်ဝယ်ထည့်ပေးလိုက်တော့လည်း ပျော်လို့။ ရေခဲမုန့်လေး ထပ်ပေးလိုက်တော့လည်း ပြုံးလို့။
မနေ့က ကျောင်းရှေ့မှာ အမြင်မတော်လို့ ကျောင်းသားမိဘတွေက စုပေးလိုက်တဲ့ ဟာလေးနဲ့ ဒီနေ့ ကလေးတွေကို ထမင်းစားကျောင်း ဆင်းချိန်မှာ ထမင်းလာကျွေးတာ။ အိမ်မှာ ထမင်းချိုင့် ရှိပုံမပေါ်ဘူး။ ဇလုံထဲကို ထမင်း၊ ဟင်း ရောထည့်လာပြီး ဇလုံလေးတစ်လုံးနဲ့ အုပ်လို့ ခေါင်းပေါင်းကြီး ပေါင်းလို့။ လာပြီးကျွေးရှာတယ်။
ကိုယ်တွေလည်း အရမ်းပြည့်စုံနေလို့ မဟုတ်ပါဘူး။ ရှမ်းစကားပုံ "တမူးရှိရင် တပဲလှူ" ဆိုတာမျိုးပါပဲ။ တတ်နိုင်တာလေးနဲ့ ကူညီရတာ။ နှုတ်၏ ဆောင်မခြင်း၊ လက်၏ ဆောင်မခြင်းနဲ့ အမြင်မတော်တာ၊ အကူအညီလိုအပ်နေတာ ကိုယ်ကူညီနိုင်သလောက် ကူညီလိုက်ခြင်းပါပဲ။
ကျွန်တော် ၉တန်း၊ဆယ်တန်း တက္ကသိုလ်တက်နေတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့ ဆရာနဲ့ ဆရာမရဲ့ ပြောစကားကို ပြန်ကြားယောင်မိတယ်။ ဆရာကလည်း ကျွန်တော်ခက်ခက်ခဲခဲ ရုန်းကန်ပြီး ကျောင်းတက်နေရတာကို သိလို့ ကူညီတယ်။ ဆရာပြောတာက "ငါတို့က မင်းကို ကူညီတယ်ဆိုတာ မင်းတို့ဆီက ကျေးဇူးတုန့်ပြန်တာကို လိုချင်လို့ မဟုတ်ဘူး။ မင်းလိုပဲ တခြား ကျောင်းသားတွေ ကူညီပေးခဲ့တာလည်း အများကြီးပဲ။ ဆေးကျောင်းသားတွေလည်း ပါတယ်။ ငါတို့ကို ကျေးဇူးတုန့်ပြန်ဖို့ မလိုဘူး။ လိုအပ်နေတဲ့ သူတွေ ရှိတယ်။ တချိန်မှာ မင်းကူညီနိုင်ခဲ့ရင် ငါတို့ကို ကျေးဇူးဆပ်ဖို့ မစဉ်းစားပါနဲ့။ လိုအပ်နေသူတွေကို ကျေးဇူးပြုလိုက်ပါ။" တဲ့။ ဆရာမ ဆိုရင်လည်း နှစ်စဉ် ကျောင်းသား ၄ယောက်၊ ၅ယောက်လောက်ကို ထောက်ပံ့ကူညီပေးတယ်။ ဆရာမက စကားပြောရင် ပြတ်ပြတ်သားသား ပြောတတ်တဲ့သူ ဆိုတော့ "ဟေ့ ငါ ကူညီပေးတယ်ဆိုတာ နင်တို့ ဆီက ဘာကိုမှ မျှော်ကိုးလို့ မဟုတ်ဘူး။ နင်တို့လမ်း နင်တို့လျှောက်နိုင်ဖို့ပဲ။" တဲ့။
မမြင်ရ၊ မကြားရ၊ မသိရတဲ့ ကိစ္စတွေအတွက်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ မြင်နေ၊ သိနေ၊ ကြားနေရတဲ့ လူမှုဘဝ ဒုက္ခတွေနဲ့ မသိကျိုးကျွန်ပြုနေသူတစ်ယောက် မဖြစ်အောင်တော့ ဆရာ၊ ဆရာမတို့ရဲ့ ဆိုဆုံးမမှုအတိုင်း ကျေးဇူးပြုနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ တချို့လူမှု ဘဝ အခြေအနေတွေက ကြားလိုက်၊ သိလိုက်ရရင် ခံစားလို့ မရနိုင်လောက်အောင် ဖြစ်တတ်ပါတယ်။
ဆက်ပြီးတော့လည်း ကူညီပေးရပါလိမ့်အုံးမယ်။ ကူညီနိုင်သ၍ . . . . .
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment