စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၂)ကြိမ်မြာက် အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၂)ကြိမ်မြာက် အစည်းအဝေး တက်ရောက်



MNP - သြဂုတ်   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏(၇/၂၀၂၂)ကြိမ် မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လည်ပတ်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား လုံခြုံစိတ်ချ စွာသွားလာနိုင်ရေး၊ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ တည်းခိုနေထိုင်ရေးတို့အား တာဝန်ရှိသူများအနေ ဖြင့် အဓိကဦးစားပေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ အခန်းခများကိုလည်း ဈေးနှုန်းသင့်တင့်မျှတရန်၊ ဝန်ဆောင်မှုကောင်းရန်၊ မိုးရာသီကာလ ဖြစ်သည်နှင့်အညီ ဟိုတယ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်ဒေသအကြောင်းများကို ခရီးသွားဧည့်သည်များသိရှိအောင် Website အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့ မင်းကွန်းဒေသတွင်ရှိသည့် ဒေသဧည့်လမ်းညွှန်များအတွက် မွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းကွန်းဒေသ ခရီးသွားလုပ်ငန်း စနစ်တကျ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များ စစ်ကိုင်းမြို့မိ၊ မြို့ဖ လုပ်ငန်းရှင်များက ဆက်စပ်ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများ နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေ သကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး တွင် ဇူလိုင်လတွင် တိုင်းဒေသကြီးအတွင်း ဟိုတယ်/တည်းခိုရိပ်သာ ဖွင့်လှစ်/ပိတ်သိမ်းထားမှု အခြေအနေ၊ ဟိုတယ်/တည်းခိုရိပ်သာနှင့် စည်ပင်သာယာ တည်းခိုခန်းများတွင် ဧည့်သည်ဝင် ရောက်မှု အခြေအနေ၊ ထင်ရှားသည့် ခရီးစဉ်ဒေသများတွင် ခရီးသွားဝင်ရောက်မှု အခြေအနေ၊ ကလေးရုံးခွဲ ကြီးကြပ်မှုအောက်ရှိ ရှင်းဟုန် တည်းခိုရိပ်သာပိုင်ရှင်မှ လုပ်ငန်းပြောင်းမည်ဖြစ်၍ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ဖျက်သိမ်းခွင့်တင်ပြခြင်း၊ ကသာမြို့ရှိ ဟိုတယ်ကသာ သက်တမ်းတိုး ဆောင်ရွက်ခွင့်ပြုရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ခရီး သွားဇုန် ၆ ဇုန်တွင် ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ပြည်တွင်းခရီးသွား - ၅၂၄၃၄ ဦး၊ ပြည်ပခရီးသွား - ၇၂၃ ဦး၊ စုစုပေါင်း - ၅၃၁၅၇ ဦး ဝင်ရောက်ခဲ့ရာ ဝင်ငွေရရှိမှုမှာ ကျပ်သန်းပေါင်း- ၆၈၆.၈၆၁ သန်းနှင့် ဒေါ်လာ - ၁၄၆၆၅ ရရှိကာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၁ မြို့တွင် ဟိုတယ်/ တည်းခိုရိပ်သာ - ၆၀ လုံးအား အသိမှတ်ပြုလက်မှတ်များ ထုတ်ပေးထားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)