မိခင်အိုနှင့် ကျောင်းသား ၂ယောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိခင်အိုနှင့် ကျောင်းသား ၂ယောက်


ကျွန်တော်ရဲ့ သားကို ထားတဲ့ကျောင်းမှာ -

သားက အတန်းငယ်သေးတော့ သူ့အမေက နေ့စဉ်ကျောင်းရှေ့မှာ လိုက်စောင့်နေရပါတယ်။ ကာလအားဖြင့် အကြမ်းဖက်သမားတွေ ရှိနေတဲ့ ကာလ ဖြစ်လို့ အတန်းငယ်ကျောင်းသားတွေရဲ့ မိဘတွေ ကိုယ့်လိုပဲ လိုက်စောင့်ကြပါတယ်။ အထူးသဖြင့်တော့ KG, G1 အတန်းတွေရဲ့ မိဘတွေပဲ ဖြစ်ကြပါတယ်။ အတန်းကြီးကျောင်းသား/ကျောင်းသူတွေရဲ့ မိဘတွေတော့ အဲဒီလို လာစောင့်ခြင်း မရှိကြပါဘူး။ ကျောင်းတက်ချိန်ဆို ကျောင်းသားတွေရဲ့ အမေတွေ ကျောင်းရှေ့မှာ စုပြီး အလပ သလပပြောကြ။ မုန့်စားကျောင်းဆင်းရင် မုန့်ကျွေး၊ ထမင်းစားကျောင်း ဆင်းရင် ထမင်းကျွေးကြ။

မိခင်တစ်ယောက်ရဲ့ အချိန်တွေဟာ သားတစ်ယောက်အတွက် ကုန်လွန်ရတာပါ။ ကလေးကျောင်းဆင်းမှပဲ သူလည်း အိမ်ပြန်ရ။ သားကျောင်းတက်ချိန် တချိန်လုံး သူ့အမေလည်း ကျောင်းချိန်ပြည့် ထိုင်စောင့်ပြီး ပြုစုကျွေးမွေးနေရတာပါ။


ဒီကနေ့ ထူးခြားဖြစ်စဉ်က ကျောင်းရှေ့မှာ စာရေးသူရဲ့ ဇနီး အပါအဝင် အတန်းငယ်က မိခင်တွေ ထိုင်နေကြတယ်။ ထမင်းစားကျောင်းဆင်းလို့ ကလေးတွေ ထမင်းကျွေးပြီးတဲ့အချိန် မိခင်တွေလည်း ထမင်းဝိုင်းဖွဲ့ စားကြ။ ထမင်းချိုင့် မထည့်တဲ့ မိခင်တွေကလည်း အနီးအနားက မုန့်သည်တွေဆီက မုန့်ဝယ်စားကြ။ ရာသီဥတု သာယာတဲ့နေ့တွေကြတော့လည်း ကျောင်းသားမိဘတွေ ပျော်ပွဲစားထွက်ကြသလိုပဲ။ မိုးလေဝသ မကောင်းတဲ့အခါကြတော့လည်း ဒုက္ခရောက်ကြတာပေါ့။


သူတို့တွေ ထမင်းဝိုင်းဖွဲ့ စားနေကြစဉ် အသက် (၅၀)ကျော်အရွယ် မိခင်တစ်ယောက်လည်း ထိုင်နေတာတွေ့လို့ ထမင်းစားဖို့ ခေါ်ကြတယ်။

"အန်တီ ထမင်းစားရအောင် လာလေ။ လာစားပါ" ဆိုတော့ မိခင်အိုက

"မစားတော့ပါဘူး သမီးတို့ရယ်" ဆိုပြီး ငူငူငိုင်ငိုင်ပဲ ထိုင်နေသတဲ့။

အမျိုးသမီးက အလိုသိစွာနဲ့ မုန့်တစ်ပွဲဝယ်ပြီး အန်တီကို စားပါလို့ သွားပေးရင်း စကားစမြည် ပြောဖြစ်သတဲ့။


မိခင်အိုက "ကလေးတွေ ကျောင်းထုတ်ဖို့ လာတာ။ လေးတန်းတစ်ယောက်၊ KG တစ်ယောက်။ မနေ့က ထမင်းချိုင့် ထည့်မပေးလိုက်နိုင်ဘူး။ ဒီနေ့လည်း ပြန်ရင် ချက်စရာ ဆန်မရှိသေးဘူး။ အဲဒါ ကလေးတွေကို ကျောင်းထုတ်ဖို့ ဆရာမကြီးဆီ လာတာ။" လို့ ပြောသတဲ့။


အဲဒီ မှာ ကျွန်တော့်ဇနီးသည်လည်း စိတ်မကောင်းဖြစ်ပြီး အခြားအမျိုးသမီးတွေကို ပြန်ပြောပြတယ်။ ကျောင်းစောင့်ဦးလေးကို ခေါ်ပြီး အကျိုးအကြောင်း ပြောပြကြတယ်။ ကြင်နာသနားတတ်တဲ့ နှလုံးသားရှိတဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ထုံးစံအတိုင်း ဘယ်သူကမှ သူဌေးသူကြွယ်ကြီးတွေ မဟုတ်ကြတော့လည်း ညနေ အိမ်မှာ ဆန်ဝင်ယူပါ၊ ဆီဝင်ယူပါ ဆိုတဲ့ ကျောင်းသားမိဘတွေက တတ်နိုင်တာလေး ကူညီပါ့မယ်လို့ အသီးသီး ဝိုင်းပြောကြတယ်။


မိခင်အို ပြောတဲ့ စကားထဲမှာ "အမျိုးသားကလည်း မရှိတော့ဘူး။ ကလေးတွေနဲ့ လုပ်ကိုင်စားသောက်နေတာ။ အလုပ်ကလည်း ပုံမှန်မရှိတော့ စားသောက်နေထိုင်ရေး ခက်ခဲတယ်။ သူတို့ကို မပံ့ပိုးနိုင်တော့ဘူး" တဲ့။


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲဒီလို အဖြစ်မျိုးတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ ပညာရေးအစီအစဉ်ကတော့ အခမဲ့ပါ။ အဲဒီ အခမဲ့ပေးတဲ့ ပညာကို သင်ကြားခွင့်ရဖို့တောင်မှ အိမ်မှာ စားစရာမရှိ။ ကျောင်းသားတွေကို မုန့်ဖိုးဆိုတာ အသာထားလို့ ထမင်းချိုင့်မှ ထည့်မပေးနိုင်တဲ့ မိဘတွေလည်း ရှိနေတယ်။ ဒါကြောင့်လည်း ဆရာတော်များ ဖွင့်လှစ်သင်ကြားပေးနေတဲ့ နေစားငြိမ်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ကြား သင်ယူနေရတဲ့ ကလေးတွေ များနေတာပါ။


တခါကလည်း ကျောင်းမှာ ကလေးတွေ ဆော့ကြရင်း ကလေးတစ်ယောက်ကို တိုက်မိပြီး လဲကျရာက လက်ကျိုးသွားတယ်။ လက်ကျိုးသွားတဲ့ ကလေးရဲ့ မိခင်ကျောင်းရောက်လာတော့ ယောက်ျားကလည်း နောက်အိမ်ထောင်ပြုသွားတယ်။ ကလေးကို ကုဖို့လည်း မရှိဘူး။ စားစရာမရှိလို့ တစ်သောင်း အတိုးနဲ့ ယူထားတာလည်း ပြန်မဆပ်နိုင်သေးဘူးတဲ့။ ဖြစ်ရပ်တွေကလည်း အဲဒီလိုပါပဲ။ မြင်ရ၊ တွေ့ရ ကြားရတာတွေက ရင်ထဲစို့နင့်သွားအောင် ခံစားရတယ်။


နေ့စဉ် ကျောင်းရှေ့မှာ ဇနီးသည်က ရှိနေတာဆိုတော့ ကျောင်းမှာ တချို့ကျောင်းသားလေးတွေ မုန့်စားချင်လို့ မုန့်မစားနိုင်။ ကိုယ်တတ်နိုင်သလောက် ကလေး တစ်ယောက်၊ နှစ်ယောက်ကို ဝယ်ကျွေးလိုက်တယ်။ ဒီနေ့ မိခင်အိုကိုလည်း ဇနီးနဲ့ မိတ်ဆွေတစ်ယောက်က တစ်ယောက်(၅၀၀၀) စီ တစ်သောင်း ကူညီလိုက်ပါသတဲ့။ အရေးပေါ် တွေ့ရ၊ မြင်ရ၊ ကြုံရ လူမှုဒုက္ခတွေနဲ့ နေ့စဉ်ပြည်သူတွေ ကြုံတွေ့ရတဲ့ ဘဝဒုက္ခတွေပါ။ တတ်နိုင်သလောက် ဒါနကိုတော့ အမြဲပြုဖြစ်နေပါတယ်။


အမေအို နဲ့ ကျောင်းသားနှစ်ယောက် ရဲ့ အဖြစ်ကို ဇနီးဖြစ်သူက ပြန်ပြောပြတော့ ကိုယ့်ရင်ထဲလည်း စို့နင့်သွားသလိုပဲ။ နောက်နေ့တွေ အဲဒီကလေး (၂)ယောက် အတွက် ထမင်းချိုင့် ပိုထည့်သွားပေးလိုက်လို့ ပြောဖြစ်တယ်။ ကိုယ့်မိသားစုအရေးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့တတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ အခုလိုဖြစ်နေတာတွေ ရှိနေတာကို သိနေကြတယ်။ ကိုယ်တတ်နိုင်သလောက် မကူညီဘူးဆိုရင် တာဝန်မဲ့ရာကျတယ်လို့ ခံစားမိပါတယ်။ 


အဲဒီလို လူမှုဘဝဒုက္ခတွေနဲ့ ပညာရေးကို ခက်ခက်ခဲခဲ သင်ယူနေရတဲ့သူတွေကို တွေ့တိုင်း ကိုယ်ချင်းစာမိတယ်။ ကျွန်တော်တို့ ငယ်စဉ်ကလည်း အခုလိုပဲ နေ့စဉ် မုန့်ဖိုးအတွက်တောင် အဆင်မပြေပါဘူး။ ကုန်ဈေးနှုန်းတွေတက်တော့ အိမ်မှာတောင် ဆန်ပြုတ်သောက်ခဲ့ရတဲ့ အခြေအနေမျိုးကို ကြုံခဲ့ရဖူးတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုယ်ချင်းစာ စိတ်နဲ့ ကူညီဖေးမမယ့်သူတွေသာ မရှိရင် တက္ကသိုလ်က ဘွဲ့ရဖို့ မပြောနဲ့ လေးတန်းအောင်ဖို့တောင် မလွယ်ပါဘူး။ ဆရာ၊ ဆရာမတွေရဲ့ ကူညီဖေးမမှု၊ ပတ်ဝန်းကျင် ဆွေမျိုးအသိုင်းအဝိုင်းထဲက ကူညီလိုစိတ်ရှိသူတွေရဲ့ ကူညီပံ့ပိုးမှုကြောင့်သာ ကျွန်တော် ဘွဲ့ရသည်အထိ ကျောင်းတက်နိုင်ခဲ့တာပါ။


မိခင်အို နှင့် ကလေး(၂)ယောက်အတွက် ကျွန်တော် ဘာကူညီနိုင်မလဲ။ နေ့စဉ် နေ့လည်ထမင်းစာအတွက်တော့ ကိုယ့်မိသားစုအတွက် ချက်ရင်း ကလေး ၂ယောက်ရဲ့ အတွက်လည်း အပိုယူသွားပေးပြီး ကျွေးမွေးပေးပါ့မယ်။ အမေအို နဲ့ ကျောင်းသား (၂)ယောက် အတွက် ကူညီနိုင်သူများ ရှိရင်လည်း ဆက်သွယ်ကူညီကြပါဗျာ။ ကလေး ၂ယောက်ကို ကျောင်းဆက်ထားနိုင်အောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီလိုက်ကြရင်ဖြင့် အဆင်ပြေသွားမယ် ထင်ပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ကူညီစောင့်ရှောက်သွားပါမယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)