MNP - ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး လမ်း၊ တံတားများ တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ဒုံပေါက်ပျက်စီးနေသည့် နေရာများတွင် ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈၁.၃၇၀)သန်းဖြင့် မိုင်တိုင်အမှတ် (၅)မိုင် (၄)ဖာလုံနှင့်(၅)မိုင်(၅)ဖာလုံးအတွင်းရှိ လမ်းပိုင်းအရှည်(၁)ဖာလုံနှင့် မိုင်တိုင်အမှတ် (၇)မိုင်နှင့်(၇)မိုင်(၄)ဖာလုံအတွင်းရှိ လမ်းပိုင်းအရှည်(၄)ဖာလုံ၊ စုစုပေါင်းလမ်းပိုင်း အရှည်(၅) ဖာလုံရှိ မူလလမ်း အကျယ်(၁၂)ပေအား ဒုံပေါက်နေသဖြင့် တူးထုတ်၍ (၂)လက်မx(၄)လက်မ ကျောက်များဖြင့် အကျယ်(၂၀)ပေ၊ ထု(၁၀)လက်မ အောက်ခံလွှာခင်းပြီး၊ (၃)လက်မကျောက်များဖြင့် ထု(၁၀)လက်မ ထပ်ပိုးလွှာခင်းကာ (၁)လက်မx(၂)လက်မကျောက်များဖြင့် အကျယ်(၁၈)ပေ၊ ထု(၃) လက်မ အပွန်းခံလွှာနှင့် ထု(၁)လက်မခွဲ ကတ္တရာ ရေပိတ်လွှာခင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment