MNP ၊ သြဂုတ် ၂၆
တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့များက ကျေးရွာကို ကာကွယ်စောင့်ရှောက်၍ စာသင်ကျောင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ KIA, PDF အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် မကြာခဏ လာရောက်ပစ်ခတ်နေကြောင်း သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးက "ရွာထဲက လူတွေ စိုက်ပျိုးရေးလုပ်ဖို့အတွက် အပြင်ကို မထွက်ရဲဘူး။ ပြည်သူ့စစ်အဖွဲ့တွေနဲ့ လုံခြုံရေးယူပြီး သွားလာလှုပ်ရှားနေကြရတယ်။ KIA, PDF အကြမ်းဖက်သမားတွေက ရှော့တိုက်ဒုံးနဲ့ မကြာခဏ လာပစ်နေတယ်။ မနေ့ကတစ်ရက်ပဲ လာမပစ်တာ ရှိတာ။ ၂၄ ရက်နေ့ ညက ၃လုံး လာပစ်သွားတယ်။ ဒီ့အရင်ကလည်း အဲဒီလိုပဲ မကြာခဏလာပစ်တယ်။" ဟု ပြောသည်။
ပြည်သူ့စစ်အဖွဲ့ဝင်များအနေဖြင့် လိုက်လံနှိမ်နင်းခြင်း ရှိ/ မရှိ မေးမြန်းရာ "ဒီကောင်တွေက ပစ်ပြီး ပြေးတာ။ ၈ ချက် အများဆုံးပဲ။ လိုက်ပြီး နှိမ်နင်းဖို့ဆိုတာလည်း လက်နက်အင်အား ကွာတယ်လေဗျာ။ လက်နက်ကောင်းကောင်းရှိနေရင်တော့ လိုက်ပြီး နှိမ်နင်းလို့ ရတာပေါ့။" ဟု ပြောသည်။
ရပ်ရွာအတွင်း PDF မိသားစုဝင်တချို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း၊ အေးချမ်းစွာ နေထိုင်သူများကို ဘာမျှ လုပ်ဆောင်ခြင်း မရှိကြောင်း ပြည်သူ့စစ်ခေါင်းဆောင်က "တချို့ဆို PDF ကို ထောက်ပို့ လုပ်ပေးခဲ့တာတွေ ရှိတာပေါ့။ ရှိပေမယ့်လည်း အခု ရွာထဲမှာ တချို့ ပြန်လာပြီး နေကြတာ ရှိပါတယ်။ အေးအေးဆေးဆေး နေရင် ဘာမှ ပြဿနာမရှိပါဘူး။" ဟု ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment