MNP - ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ဩဂုတ် ၁၁ ရက်၊ နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြန်လည်ကုစားပေးနိုင်ရေး တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကျေးရွာမတည်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်းချေးငွေများကိုလည်း လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်နှင့်အတူ ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၅ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦး၊ စုစုပေါင်း စီမံကိန်း အသင်းသားဦးရေ ၁၁၁ ဦးအတွက် တတိယနှစ်စက်ဝန်း ကျေးရွာမတည်စီမံကိန်းရန်ပုံငွေကျပ် ၃၁ ဒသမ ၄ သန်း အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment