AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေါ်ယူပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ပစ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေါ်ယူပြောကြား



နေပြည်တော် စက်တင်ဘာ ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ် ခမ် ချောင်ဒရီ အား ယနေ့နံနက် (၉) နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၌ ခေါ်ယူတွေ့ဆုံသည်။


ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မကြာမီကဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ပကတိအခြေအနေမှန်ကို ရှင်းလင်းပြောကြား တုန့်ပြန်ခဲ့သည်။


ညွှန်ကြားရေးမှူးချုပ်က AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့ပူးပေါင်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်၊ BP-၃၁ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တောင်ပြိုဝဲရဲကင်းစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊ AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့သည် အလားတူ စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်၊ BP-၃၄ အနီး တောင်ပြိုယာ ရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ မော်တာကျည် (၉) လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုး အနီးမှနေ၍ ပစ်ခတ်တိုက်ခိုက်နေမှုများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က အလေးထားပြောကြားခဲ့သည်။


ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် နှစ်နိုင်ငံနယ်နိမိတ်အနီး လိုအပ်သည့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတကာစံနှုန်း များအား လေးစားလိုက်နာဆောင်ရွက်ပြီး၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှုကို လေးစားကြောင်း၊ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဘင်္ဂလားဒေ့ရှ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ဘက်၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးကြောင်း အသိပေး ပြောကြားခဲ့သည်။


ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA အဖွဲ့နှင့် ARSA အကြမ်းဖက်အဖွဲ့တို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာ ၇ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သော ကြောင့် ယင်းကိစ္စကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူမှုများ ချက်ချင်းပြုလုပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်က ထပ်လောင်းအသိပေးခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဖြစ်စဉ် အခြေအနေမှန်ကို ရှင်းလင်းဖော်ပြထားသည့် စာလွှာအား ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးထံသို့ ပေးအပ်ခဲ့သည်။


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အနီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေမှန် များကို စက်တင်ဘာ ၁၈ ရက်ထုတ် မြန်မာ့သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သကဲ့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာ ၇ ရက်နှင့် ၁၇ ရက်များတွင် သံတမန်စာများဖြင့် ပြန်လည်ရှင်းလင်းအသိပေးပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)