ဒူဘိုင်းမြို့တွင် အခြေပြု၍ မြန်မာနိုင်ငံသား အမျိုးသမီးများအား လူကုန်ကူးနေသူများကို ဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒူဘိုင်းမြို့တွင် အခြေပြု၍ မြန်မာနိုင်ငံသား အမျိုးသမီးများအား လူကုန်ကူးနေသူများကို ဖော်ထုတ်





MNP ၊ စက်တင်ဘာ ၁၀

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်သည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင်လစာကောင်းကောင်းနှင့်အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသား အမျိုးသမီးငယ်များကိုခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်” နိုင်ငံများသို့ အတင်းအကြပ်စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လဆန်းမှစ၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။


ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာအမျိုးသမီးအဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လွှင့်၍ “၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း၊ မမေဖုန်း(ခ) မထက်ထက် (ခ) မကေသီမြင့်က ဒူဘိုင်းတွင် အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ ၃ လကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း၊ ဒူဘိုင်းမြို့ရှိအမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင်၎င်းတို့ ၇ ဦးအား ၁ လကျော်ပိတ်လှောင်ထားကြောင်း၊ ဒူဘိုင်း ရောက်ရှိသည်မှစ၍ ၎င်းတို့၏ပတ်စပို့အားလုံးကိုလည်း မကေသီမြင့်က သိမ်းယူထားကြောင်း၊ ပိတ်လှောင်ထားစဉ် တစ်ရက်ထမင်းတစ်နပ်သာ ပဲဟင်းရေကြဲဖြင့် ကျွေးကြောင်း၊ ယခုအခါ ၎င်းတို့အား အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရတ်တွင်အလုပ်လုပ် ရမည်ဟုပြောကြောင်း၊ အီရတ်မသွားလိုပါက မြန်မာငွေကျပ်သိန်းတစ်ရာပေးရမည်ဟု ခြိမ်းခြောက်တောင်းဆို ကြောင်း၊ ၎င်းတို့ ၇ ဦးသည် ပိတ်လှောင်ထားသည့် အခန်းကျဉ်းအား ဖျက်၍ထွက်ပြေးလာပြီး ယခုအခါ မြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့်လမ်းဘေး အခန်းကျဉ်းတစ်ခုကို ၁၀ ရက်စာ အခပေး၍ငှားနေ ရကြောင်း၊ ၎င်းတို့တွင် စားစရာမရှိ၊ သွားစရာမရှိ မကေသီမြင့်က ထပ်မံ၍ဒုက္ခပေးမည်ကိုလည်းကြောက်ရွံ့၍ ပုန်းအောင်းနေရကြောင်း၊ ယခု Live ကိုတွေ့ရှိသူများအနေဖြင့် ကူညီပေးကြပါရန်” ငိုကြွေး၍ အကူအညီ တောင်းခံမှုအား တွေ့ရှိခဲ့ရပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် အဆိုပါ Live လွှင့်တင်ထားမှုအား ဩဂုတ်လ ၂၅ ရက်နေ့ ည ၆ နာရီအချိန်တွင်တွေ့ရှိခဲ့ပြီး Facebook Live ၏ အရင်းအမြစ်ကိုရှာဖွေခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် အင်တာနက်မှ ရှာဖွေစိစစ်ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဩဂုတ်လ၂၆ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေသော မြန်မာအမျိုးသမီး ၇ ဦးနှင့် Messenger မှ ဆက်သွယ်မှုစတင်ရရှိခဲ့သည်။ ၎င်းတို့ ၇ ဦး ဒူဘိုင်းတွင် ခိုအောင်းနေသည့် နေရာအား မေးမြန်းရာတွင်လည်းမသိရှိသဖြင့် Google Map ဖြင့် ရှာဖွေစိစစ်နိုင်ရေး တယ်လီဖုန်းမှ လုပ်နည်းပြောပြ၍ ဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၈ နာရီတွင် ၎င်းတို့ ၇ ဦး ခိုအောင်းသည့်နေရာအား သိရှိခဲ့ရပါသည်။ ၎င်းတို့ ၇ ဦး၏ ဖြစ်စဉ်အသေးစိတ် Online မှ မေးမြန်းစိစစ်ရာ တရားခံကေသီမြင့်သည် မြန်မာနိုင်ငံသား အမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင်ရှာပေးခြင်း၊ တတိယနိုင်ငံများသို့ ထပ်မံပို့ဆောင်ရောင်းစားခြင်း၊ ၎င်းစီစဉ်မှုကို လက်မခံလျှင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်း၊ အလုပ်ရလျှင်လည်း ၃ လစာ၊ ၆ လစာဖြတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းရရှိသဖြင့် ၎င်းကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်မြို့၊ တာမွေမြို့မရဲစခန်းတွင်အမှုဖွင့်ကာ အသေးစိတ်စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။


တစ်ဆက်တည်းမှာပင် ဩဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းရဲဌာနချုပ်နှင့် အမျိုးသမီး ၇ ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့ Naif ရဲစခန်းသို့ အကြောင်းကြားခြင်း၊ အင်တာပိုလ်ရဲအဖွဲ့သို့ သတင်းဖလှယ် ဆက်သွယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းဖလှယ်အကူအညီ တောင်းခံမှုအရ မြန်မာ နိုင်ငံသား လူကုန်ကူးခံရသူ အမျိုးသမီး ၇ ဦးအား ဩဂုတ်လ ၂၆ ရက်နေ့တွင် ဒူဘိုင်းရဲအဖွဲ့၏ စီစဉ်ပေးမှုဖြင့် လုံခြုံစိတ်ချရသည့် ဒူဘိုင်းအမျိုးသမီးစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင် စောင့်ရှောက်ထားရှိခဲ့ပါသည်။


သတင်းဆက်များဆက်လက်ဖော်ထုတ်ရာ မြန်မာအမျိုးသမီးများကို စည်းရုံးခေါ်ယူ၍ ဒူဘိုင်းရှိ ကေသီမြင့်ထံသို့ ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံမှ မီးမီး(ခ)နော်သောစေးအား ဩဂုတ်လ ၂၆ ရက်နေ့တွင်လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေးအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လည်းကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့သည်။ ရရှိသည့်သတင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒူဘိုင်းရဲဌာနချုပ်နှင့် အင်တာပိုလ် NCB (အဘူဒါဘီ) သို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးပြီး ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ရာ သတင်းရရှိသည်မှ ၂၄ နာရီအတွင်း ဩဂုတ်လ ၃၀ ရက်နေ့တွင် တရားခံကေသီမြင့်အား ဒူဘိုင်းရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ကေသီမြင့်သည် လူကုန်ကူးမှုကျူးလွန်သည့် တရားခံပြေးဖြစ်ကြောင်း ဩဂုတ်လ ၃၁ ရက်နေ့တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်ခဲ့ပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ဌာနချုပ် အင်တာပိုလ် (အဘူဒါဘီ) တို့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့်လည်းကောင်း လူကုန်ကူးသူ တရားခံကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ် ၇ ဦးတို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့်ခေါ်ယူခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသစံတော်ချိန် ည ၉ နာရီထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းတို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။


တရားခံကေသီမြင့်သည် ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား အမျိုးသမီးများစွာကို ဒူဘိုင်းသို့ခေါ်ယူ၍ တရားမဝင်အလုပ်အကိုင် ရှာဖွေပေးမှုများ ဆောင်ရွက်ခြင်း၊ တတိယ နိုင်ငံများသို့ ခြိမ်းခြောက်စေလွှတ်ရောင်းစားခြင်း၊ လျော်ကြေးငွေနှင့် လုပ်ခလစာများ ခေါင်းပုံဖြတ်ရယူခြင်းတို့ဖြင့် လူကုန်ကူးပြစ်မှုကျူးလွန်နေသူဖြစ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းနှင့်ဆက်စပ်ပူးပေါင်းကာ လူကုန်ကူးမှု ကျူးလွန်သူများ၊ အားပေးကူညီသူများ၊ တရားမဝင် အလုပ်အကိုင်ရှာဖွေဆောင်ရွက် ပေးနေသည့်အဖွဲ့များကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။


ဒူဘိုင်းတွင် လူကုန်ကူးခံရ၍ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသူ အမျိုးသမီး ၇ ဦးအား ကယ်တင်၍ မြန်မာနိုင်ငံသို့ခေါ်ယူခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိပြီး ဖြစ်ပါသည်။ ၎င်းတို့ ၇ ဦးအားအမှုနှင့် ပတ်သက်သည့် လိုအပ်သည့် မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက မိဘဆွေမျိုးများထံ စနစ်တကျအပ်နှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)