ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော (၁၆)ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသော (၁၆)ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်သို့တက်ရောက်





MNP ၊ စက်တင်ဘာ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ဈေးကွက်မြှင့်တင်ရေးတွက် နိုင်ငံတကာနှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပါဝင်၍ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့် ခရီးစဉ်ဒေသများကို မြှင့်တင်ကြော်ငြာခြင်းလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပသော (၁၆)ကြိမ်မြောက် ဟိုချီမင်း နိုင်ငံတကာ ခရီးသွားပြပွဲနှင့် အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်သည်။


အဆိုပါခရီးသွားပြပွဲကို “Growth Forward Together” ခေါင်းစဉ်နှင့်အတူ ခရီးသွား လုပ်ငန်းဆိုင်ရာ အဆင့်မြင့်ဖိုရမ်ကို ပူးတွဲကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။


ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ကာလအတွင်း “စီးပွားရေး-အပန်းဖြေခရီးသွားလုပ်ငန်း အလားအလာများကို ဟိုချီးမင်းမြို့နှင့် ဗီယက်နမ်နိုင်ငံတွင် မြှင့်တင်ဖော်ထုတ်ခြင်း” အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ “စီးပွားရေး-အပန်းဖြေခရီးသွားလုပ်ငန်း”သည် အပန်းဖြေခရီးသွားစဉ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပူးတွဲဆောင်ရွက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အချိန်နှင့်ကုန်ကျစရိတ်များကို ချွေတာနိုင်ပြီး လုပ်ငန်းခွင်နှင့် နေ့စဉ် လူမှုဘဝမျှတနိုင်စေသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အဆိုပါခရီးသွားလာမှု ပုံစံသစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါကြောင်း၊ အဆိုပါခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှု၊ သဘာဝအရင်းအမြစ်၊ ဆန်းသစ်သော လူနေမှုအတွေ့အကြုံများသည် အထောက်အကူ ဖြစ်စေပါကြောင်း၊ ထို့အပြင် တည်းခိုနေထိုင်ရေး ကဏ္ဍတွင်လည်း အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ခြင်းသည်လည်း အဆိုပါ ခရီးသွားလုပ်ငန်းအတွက် များစွာအရေးကြီးသော သွင်းအားစုတစ်ခု ဖြစ်ပါကြောင်း၊ လေဆိပ်များနှင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍများမှလည်း ခရီးသွား ဧည့်သည်များတွက် ဘေးကင်းလုံခြုံပြီး လျှင်မြန်ချောမွေ့သော ခရီးစဉ်များကို ဖန်တီးပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဟိုချီးမင်းမြို့နှင့် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး-အပန်းဖြေ ခရီးသွားဧည့်သည် (၁ ဒသမ ၇) သန်း ရရှိရေး မျှော်မှန်းချက်အရ ဟိုတယ်၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုကို သက်ဆိုင်ရာ အစိုးရ-ပုဂ္ဂလိက ကိုယ်စားလှယ်များက ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ဗီယက်နမ်နိုင်ငံတွင် စီးပွားရေး-အပန်းဖြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အိမ်ရာစီမံကိန်း ရေးဆွဲဖော်ဆောင်နေမှုကို လေ့လာကြည့်ရှု့ခဲ့ပြီး သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ညနေပိုင်းတွင် တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ ခရီးစဉ်ဝယ်ယူသူများအတွက် ဗီယက်နမ်နိုင်ငံက တည်ခင်းဧည့်ခံသည့် “ဗီယက်နမ်ည” ညစာစားပွဲအခမ်းအနားကို ဟိုချီမင်းမြို့ရှိ GEM စင်တာတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ် ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ခရီးစဉ်ဝယ်ယူသူများကို ဟိုချီးမင်း ပြည်သူ့ကော်မတီဥက္ကဋ္ဌ မစ္စတာဖန်မိုင်က ကြိုဆိုအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များကို ဗီယက်နမ်နိုင်ငံက နိုင်ငံဖြစ်တည်လာမှု သမိုင်းကြောင်းများနှင့် ရိုးရာယဉ်ကျေးမှုများကို သရုပ်ဖော် ကပြဖျော်ဖြေ တင်ဆက်ခဲ့သည်။


စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုချီမင်းမြို့ရှိ ဆိုင်းဂုံပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာတွင် (၁၆) ကြိမ်မြောက် ဟိုချီးမင်း နိုင်ငံတကာ ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြည်တွင်းပြည်ပပြခန်းများ ပါဝင်ပြသနေမှုကို လိုက်လံကြည့်ရှုသည်။ ထို့နောက် ဖိုရမ်သို့တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းဝန်ကြီးများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှ “နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်မှု အဖြေရှာရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေး” အဆင့်မြင့်ဖိုရမ်ကို ဆက်လက်ကျင်းပသည်။ အဆိုပါဖိုရမ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် မိုက်(စ်) ခရီးသွားလုပ်ငန်းဖြစ်သည့် Meeting၊ Incentive၊ Convention၊ Exhibition များဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေး အထူးပြုဆောင်ရွက်ရန် လိုအပ်သည်များကို မျှဝေခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်းမှ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ခင်းကျင်းပြသနေမှုများနှင့် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်းစားသူများ မြန်မာပြခန်းသို့ လာရောက်လေ့လာ ကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှု့ အားပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ခရီးသွားလုပ်ငန်း ဝန်ကြီးဒေါက်တာသွန်ခွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကို ဟိုချီးမင်းမြို့ရှိ ရိနေဆန်း ဟိုတယ်တွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ကမ္ဘောဒီးယား-မြန်မာနှစ်နိုင်ငံ အပြန်အလှန် လေ့လာရေးအဖွဲ့ (FAM Trip)များ စေလွှတ်ခြင်း၊ နှစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးအမှတ်တံဆိပ် ဖော်ဆောင်ခြင်းနှင့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဂျာမဏီနိုင်ငံ၌ ကျင်းပမည့် ITB Berlin ခရီးသွားပြပွဲတွင် မြန်မာ-ကမ္ဘောဒီးယား (၂)နိုင်ငံပူးပေါင်းကာ (၂)နိုင်ငံ ခရီးစဉ်ဒေသတစ်ခုအဖြစ် ခရီးသွားပြခန်းဖွင့်လှစ်ပြသရေး ကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


ထို့နောက် ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားပြပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအတွက် တည်ခင်းဧည့်ခံသော “ကမ္ဘောဒီးယားည” အခမ်းအနားကို ဟိုချီးမင်းမြို့ရှိ ရက်(စ်)ဟိုတယ်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့မှ တက်ရောက်ခဲ့သည်။


အဆိုပါ (၁၆)ကြိမ်မြောက် ဟိုချီမင်းနိုင်ငံတကာခရီးသွားပြပွဲနှင့် အဆင့်မြင့်ဝန်ကြီးများဖိုရမ်သို့ နိုင်ငံပေါင်း (၂၅)နိုင်ငံမှ ပြည်တွင်းပြည်ပ ပြခန်း(၂၆၀)ခန်း ပါဝင်ပြသခဲ့ပြီး အစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာထုတ်ကုန်နှင့် ခရီးစဉ်ရောင်းချသူ/ ဝယ်ယူသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)