နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေး ဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေး ဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိ



MNP ၊ စက်တင်ဘာ ၃

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားစေရန်တို့အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိသကဲ့သို့ နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေမည့် မူဝါဒများဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြားသည်။

ယနေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များမှ ဝါသီးနှံနှင့် နေကြာသီးနှံစိုက် တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထုတ်လုပ်သူ၊ သွင်းအားစုရောင်းချသူနှင့် ကြိတ်ခွဲရောင်းချသူများ အကြား အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်ပေးခြင်းဖြင့် မျှတသောကုန်သွယ်မှု အကျိုးအမြတ်ခွဲဝေခံစားသည့် အလေ့အထ ကောင်းများ ဖော်ဆောင်ပေးနေခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးတို့က ညီညွတ်စွာပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် သာမက နိုင်ငံတကာတွင်ဖြစ်ပေါ် နေသော စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါက တောင်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ၏ပို့ကုန်တိုးတက်ရေးကိုပါ ဖြည့်ဆည်းနိုင်မည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးနှင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုအတွက် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသကဲ့သို့ လာမည့်နှစ် ဝါစိုက်ပျိုးရာသီတွင် ဝတ်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်နေသည့် ဝါသီးနှံစိုက် ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်၍ တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်း ထည့်သွင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူများ၊ လုပ်ငန်းရှင်များက ဝါသီးနှံနှင့် နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းအတွက် မျိုးသန့်လွှမ်းခြုံရေး၊ သီးနှံဈေးနှုန်း သင့်တင့်မျှတရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဦးစီးဌာနအလိုက် ညွှန်ကြားရေး မှူးချုပ်များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားလုပ်ငန်းရှင်တစ်ဦး၏ မျိုးဝါစေ့အတွက် ဝါကြိတ်လုပ်ငန်းနှင့် ဝါစေ့ဆီကြိတ် စက်ရုံတို့ကို ကြည့်ရှုအားပေးသည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် စီပင်စိုက်ပျိုးရေး သုတေသနခြံ၏ ဆင်းရွှေကြာ-၂ မျိုးသန့် မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းမြင့်မား သော သီးနှံမျိုးစေ့များ ပွားများထုတ်လုပ်ရာတွင် ဌာနခြံမှ မိဘမျိုးများကိုသာ ထုတ်လုပ်ပြီး ဆင့်ပွားမျိုးစေ့နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ ပွားများထုတ်လုပ်ခြင်းကို မျိုးသန့်ခြံများ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်း အတွေ့အကြုံ ရှိသော အကျိုးဆောင်တောင်သူများ မှတဆင့် ဆောင်ရွက်ခြင်းဖြင့် မျိုးစေ့စီးဆင်းမှုလမ်းကြောင်း မှန်ကန် စေရေးနှင့် ကျယ်ပြန့်ထိရောက် မျိုးဖြန့်ဖြူးခြင်း လုပ်ငန်းဖြစ်စေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် သုတေသနခြံမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်း မြင့်မားသော သီးနှံမျိုးသစ်များရရှိရေးနှင့် သီးနှံပုံစံများကို သုတေသနပြု ဖော်ထုတ်နေမှုများ၊ သီးနှံအလိုက် အကျိုးအမြတ်အများဆုံးရရှိမည့် စိုက်ပျိုးနည်းစနစ်များ၊ ဆင်းရွှေကြာ-၂ မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ပဲတီစိမ်းသီးနှံသုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)