ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး




MNP - စက်တင်ဘာ   ၂၁ 


ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားစေရေးအတွက် အောင်မြင်ခဲ့သည့် အားကစားနည်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေးနှင့် အောင်မြင်မှုမရရှိသေးသည့် အားကစားနည်းများ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်ဆွေးနွေး၍ အောင်မြင်မှု ရရှိရေးအတွက် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ နှင့်ပြည်နယ်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အားကစားဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ညှိနှိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်ကာလတွင် အားကစားသည် ယဉ်ကျေးမှု၊ စီးပွားရေးစသည့် ပုံရိပ်များကို ဖော်ဆောင်နေသည့် ကဏ္ဍဖြစ်လာသည့်အတွက် ပြည်နယ်၏ ဂုဏ်၊ ပြည်နယ်၏ ပုံရိပ်ကို ဖော်ဆောင်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့အပြင် အားကစားဖြင့်တန်ဖိုး ရှိသော လူငယ်လူရွယ်များ ပေါ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် ပြည်နယ်၏လူသား အရင်းအမြစ်များကို မွေးထုတ်ပေးနေခြင်းပင် ဖြစ်ပါကြောင်း၊ ယနေ့ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်အောင်မြင်ရေးအတွက် အဓိက အခန်းကဏ္ဍမှ ဦးဆောင်ပါဝင်နေကြသူများ အနေဖြင့် ကဏ္ဍအလိုက် စဉ်ဆက်မပြတ် တိုးတက်မြှင့်မားအောင် ဝိုင်းဝန်းကြိုးပမ်း‌ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားသည်။


ထို‌နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ပြည်နယ်၏ အားကစား အဆင့်အတန်းနှင့် ရပ်တည်နိုင်ခဲ့မှု အခြေအနေများ၊ အားကစားနည်းအလိုက်၊ ကဏ္ဍအလိုက် လိုအပ်ချက်များကို သုံးသပ်ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ အားကစားနည်းအလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် အားကစားနည်းအလိုက် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက အားကစားသမားများ မွေးထုတ်ပေးနိုင်မှု၊ လေ့ကျင့်ပျိုးထောင်ထားရှိမှုနှင့် အားကစားသမားလိုအပ်ချက်၊ နည်း ပညာမြင့် အထောက်အကူပြုပစ္စည်းများ အဆင့်မြှင့်တင် ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်ရေး၊ အားကစားနည်းအလိုက် ဖိတ်ခေါ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေးတို့အပြင် ကဏ္ဍအလိုက် လိုအပ်ချက်များ၊ အခက်အခဲများနှင့် အားသာချက်/အားနည်းချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းများအလိုက် လိုအပ်ချက်များအပေါ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးရ မည့်ကိစ္စရပ်များကို ဆပ်ကော်မတီတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီး ဘောလီဘောအသင်းနှင့် ဂျူဒိုအသင်းတို့သည် တံခွန်စိုက်ဆုဖလားများ ရရှိခဲ့ပြီး ကျန်အားကစား ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုများကို အသီးသီးရရှိခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဆုတံဆိပ်ရရှိ မှုတွင် မန္တလေးတိုင်းဒေသကြီးနှင့်အတူ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။  


ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကချင်ပြည်နယ်၏ အားကစားကဏ္ဍတိုးတက် မြှင့်မားရေးအတွက် ပံ့ပိုးပေးလျက်ရှိရာ မြစ်ကြီးနားမြို့တွင် လာမည့် ဘတ်ဂျတ်နှစ်အတွင်း အားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ရေကူးပြေးလမ်း ၁၀ လမ်းပါရှိသည့် မြန်မာနိုင်ငံအတွင်း အကြီးဆုံး ရေကူးကန်ကိုလည်း မြစ်ကြီးနားမြို့၌ တည်ဆောက်လျက်ရှိရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)