ဖျာပုံနှင့် မအူပင်မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံနှင့် မအူပင်မြို့နယ်များ၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ




MNP ၊ စက်တင်ဘာ ၃

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီးရှိ KM စားသောက်ဆိုင်သို့ အကြမ်းဖက်သမား ၄ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်း၌ ထိုင်နေသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦးအား ဒလန်ဟုစွပ်စွဲကာ ပစ္စတိုဖြင့်ပစ်ခတ်၍ ရွှေထည် ပစ္စည်းအချို့အား လုယက်ယူဆောင်သွားကြောင်း၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦးတွင် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကာ ဖျာပုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အတွင်း အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် အထက်ပါဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သည့် Black Dragon Force Pyapon-BDFP အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များဖြစ်သော ကောင်းစည်သူ အား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ အောင်မိုးမြင့်(ခ) အေးမင်းသူ (ခ) အေးမင်း အား ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၅)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ သိမ့်တြာလှိုင် အား ဖျာပုံမြို့၊ အမှတ်(၉) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်ရန် ဆောင်ရွက်နေသော BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် တီးတီး(ခ)ကိုကိုအောင်အား တွံတေးမြို့နယ်၊ ဘုရားငုတ္တို စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အကြမ်းဖက်သတ်ဖြတ်မှုများအား ဦးဆောင်ပြုလုပ်နေသူ BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် စံလင်းစံ အား ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းဈေးမှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ တီးတီး(ခ)ကိုကိုအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် BDFP အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ဟိန်းသူလွင်(ခ) သာကဒိုး အား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓနိတော(၈)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ဇော်မင်းသူ(ခ) မက်စီ(ခ)မျောက်ကြီး အား ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သုခ(၂)လမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ကျော်သူရအား ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဓနိတောလမ်းရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ကျော်ဇောဦး အား ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ၌ SIGSAUER ပစ္စတို ၁ လက်၊ Glock ပစ္စတို ၂ လက်၊ ၉ မမကျည် ၁၅၀ တောင့်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး၏ အမည်ပါရှိသော ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စံလင်းစံ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ အေးချမ်းကား မှတ်တိုင်အနီး၌ အကြမ်းဖက်မှုများအား ကျူးလွန်ပြီး လာရောက်တိမ်းရှောင်နေသော BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဝင်းမြတ်သိန်းဇော် အားလည်းကောင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းလမ်းနှင့် ငုဝါလမ်းထောင့်ရှိ တိုက်အမှတ်(၁၀၇)၊ (၇)လွှာ၌ အကြမ်းဖက်မှုများအားကျူးလွန်ပြီး လာရောက်တိမ်းရှောင်နေသော မအူပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိုင်းနောင် (ခ)လက်ယာ၊ မျိုးမင်းဦး၊ ဝေဖြိုးအောင်၊ သူရဦး၊ ငြိမ်းချမ်း တို့အား SIGSAUER ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၄၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင်ဖမ်းဆီးရမိတရားခံ စံလင်းစံ ၏ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် မှော်ဘီမြို့နယ်၊ ချော်ကုန်းကျေးရွာ၊ ပန်းတစ်ပွင့်တောင်လမ်း၊ မြစည်းခုံကျောင်းတိုက်ရှေ့၌ BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ကျော်ဆန်းဦးနှင့် သူရဖြိုး(ခ)ဝတုတ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ဖမ်းဆီးစဉ် သူရဖြိုး(ခ)ဝတုတ်သည် အဖမ်းမခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်အားလုယူ၍ ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာပေါင်ဖောက်ဝင် ဒဏ်ရာဖြင့် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ဖမ်းဆီးရမိတရားခံ ဇော်မင်းသူ(ခ)မက်စီ(ခ)မျောက်ကြီး၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲဇော်ထက်(ခ) မောင်မောင် အား ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ ပဒုမ္မာ(၄)လမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဝင်းမြတ်သိန်းဇော်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁ ရက် နေ့လယ် ပိုင်းတွင် မှော်ဘီမြို့နယ်၊ နှင်းဆီမြိုင်ရပ်ကွက်၌ BDFP အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ထွန်းထွန်းဦး (ခ)စနေ အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၈ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၁၉ ဦးတို့အား ပစ္စတို ၄ လက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး၏ အမည်ပါရှိသော ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ စံလင်းစံနှင့် ဝင်းမြတ်သိန်းဇော် တို့သည် KNLA တပ်မဟာ(၇)လှုပ်ရှားနယ်မြေအတွင်းရှိ ABSDF စခန်းတွင်လည်းကောင်း၊ တရားခံ စိုင်းနောင် (ခ)လက်ယာ သည် KNLA တပ်မဟာ(၇)တွင်လည်းကောင်း၊ တရားခံ မျိုးမင်းဦး၊ ဝေဖြိုးအောင်နှင့် သူရဦးတို့သည် သန်လျင်မြို့နယ်၊ ဇာမဏီဆည်အနီးရှိ တောအတွင်း၌ စိုင်းနောင်(ခ)လက်ယာ သင်ကြားပေးသည့် ရက်တို သင်တန်းတွင်လည်းကောင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများ အသီးသီးတက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် Black Dragon Force Pyapon-BDFP အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံ ဝဏ္ဏထွန်း (ခ)ရန်နိုင် နှင့် စံလင်းစံ တို့ခေါင်းဆောင်၍ တီးတီး(ခ)ကိုကိုအောင်၊ ဝင်းမြတ်သိန်းဇော်၊ ထွန်းထွန်းဦး၊ ကျော်ဆန်းဦး၊ သူရဖြိုး(ခ)ဝတုတ်၊ ဟိန်းသူလွင်(ခ) သာကဒိုး၊ ဇော်မင်းသူ (ခ) မက်စီ (ခ) မျောက်ကြီး၊ ကျော်ဇောဦး၊ ရဲဇော်ထက်(ခ) မောင်မောင်၊ အောင်မိုးမြင့်(ခ) အေးမင်းသူ (ခ) အေးမင်း၊ ကောင်းစည်သူ၊ ကျော်သူရ၊ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းထွဋ်ဝင်းတို့ အပါအဝင် ၁၅ ဦးဖြင့်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မအူပင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား စိုင်းနောင်(ခ) လက်ယာနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုလင်း(ခ)လက်ဝဲ တို့ခေါင်းဆောင်၍ သူရဦး၊ မျိုးမင်းဦး၊ ငြိမ်းချမ်း၊ ဝေဖြိုးအောင်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဖိုးခင်၊ မွေထိုင်း၊ စိုင်းထက်အောင်၊ ဦးရာကြပ်၊ ငထက်၊ ဇော်ကြီး၊ ဟိုက်စံ၊ ထက်အိမ်မှူး တို့အပါအဝင် ၁၄ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Black Dragon Force Pyapon-BDFP နှင့် မအူပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ အောက်ပါအတိုင်း ဖောက်ခွဲတိုက်ခိုက်မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်-

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် ဖျာပုံမြို့ရှိ အခွန်ဦးစီးရုံးနှင့် အမှတ်(၄) ရပ်ကွက်ရှိ ရစဖမှူး ၁ ဦး၏ နေအိမ်တို့အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ Mytel တာဝါတိုင်စက်ခန်းအား လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ဖျာပုံမြို့တွင်းရှိ ယာဉ်ထိန်းရဲကင်းရုံနှင့် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးရှေ့တို့အား လက်လုပ်မိုင်းဖြင့် ၂ ကြိမ် ဖောက်ခွဲခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၆)ရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ Black Dragon Force Pyapon-BDFP နှင့် မအူပင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များမှ အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှု ၆ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ (၈)လမ်းတွင် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မအူပင်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်မြေ သာစည်လမ်းနေ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မအူပင်မြို့နယ်၊ မလက်တိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးအား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင်  ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ ရစဖမှူးနှင့် ဇနီးတို့အား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်တွင် မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီး၊ KM စားသောက်ဆိုင်တွင် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ပူးပေါင်း တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)