ပွင့်ဖြူမြို့နယ်၌ ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းသဖြင့် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းသဖြင့် ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံများ စတင်စိုက်ပျိုး



MNP - စက်တင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုကောင်းမွန်ခဲ့မှုကြောင့် ဒေသခံတောင်သူများက  ပဲတီစိမ်းသီးနှံစိုက်ခင်းများ ရိတ်သိမ်းပြီးစီးသည့် လယ်မြေများတွင် ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံများကို စတင်စိုက်ပျိုး လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ စိုက်ပျိုးရေအဆင်ပြေသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲထောပတ်၊ ဖူးစောင်းပြောင်းစသည့် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။


"ကျွန်တော်တိုမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီးတော့ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ယခုလို မိုးသီးနှံစိုက်ပျိုးရာသီမှာတော့ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်းနဲ့ ဖူးစားပြောင်းသီးနှံတို့ကို အားထားစိုက်ပျိုးကြပါတယ်။ မဲဇလီရေလွှဲဆည်ရေက စိုက်ပျိုးရေဖူလုံစွာ ရယူသုံးစွဲခွင့်ရတဲ့အပြင် မိုးရွာသွန်းမှုလည်းကောင်းမွန်တဲ့အတွက် သီးနှံစိုက်ခင်းတွေလည်း အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်ဗျ။ ယခုဆိုရင် မိုးဦးမိုးနဲ့ပဲတီစိမ်းသီးနှံ ဆောလျင်စွာ စိုက်ပျိုးတဲ့တောင်သူတွေဟာ ပဲတီစိမ်းစိုက်ခင်းတွေ သိမ်းဆည်းပြီးလို့ ယခုရက်ပိုင်းရွာသွန်းတဲ့မိုးနဲ့ ဆောင်းသီးနှံအဖြစ် ပဲထောပတ်သီးနှံကို ပြောင်းလဲစိုက်ပျိုးနေကြပါပြီ။ ဒီနှစ်တော့ ပဲထောပတ်သီးနှံ မျိုးစေ့ဈေးက ပြီးခဲ့တဲ့နှစ်ထက် ဈေးကောင်းပေးဝယ်ယူစိုက်ပျိုးနေရတယ်။ ပြီးခဲ့တဲ့နှစ်က ပဲထောပတ်သီးနှံမျိုးစေ့ တစ်တင်းကို ငွေကျပ် ငါးသောင်းဈေးလောက်ပဲရှိတယ်။ ဒီနှစ်က တစ်တင်းကို ငွေကျပ် ရှစ်သောင်းဈေးနဲ့ ဝယ်ယူစိုက်ပျိုးနေရတယ်။ ယခုလို ပဲထောပတ်သီးနှံစိုက်ပျိုးရာသီမှာ  မျိုးစေ့ဖြန့်ဖြူးရောင်းချနိုင်တဲ့ တောင်သူတွေကတော့ ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြသည်။


ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိကာ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စိုက်ပျိုးရေနှင့်သီးနှံအောင်ရေ လုံလောက်စွာရရှိအောင် ဖြန့်ဝေပေးမှုကြောင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)