စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တံခွန်စိုက်ဆု ၂ ဆုရ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တံခွန်စိုက်ဆု ၂ ဆုရ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်




MNP - စက်တင်ဘာ   ၅


၂၀၂၂-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တံခွန်စိုက်ဆု ၂ ဆုရ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ ဆုရပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်တည်ဆောက်ခြင်းဖြစ်ပြီး အားကစားအောင်နိုင်ခြင်း သည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေသည်ဟူသော ခံယူချက်ဖြင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဘတ်စကက်ဘော အသင်းဟာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲများတွင် ၁၉၉၈-ခုနှစ်၊ ၂၀၀၀-ခုနှစ်၊ ၂၀၀၁-ခုနှစ်၊ ၂၀၀၂-ခုနှစ်များတွင် တံခွန်စိုက်ဒိုင်းကို ၄ ကြိမ်၊ ၂၀၀၄-ခုနှစ်မှ ၂၀၁၉-ခုနှစ်အထိ ၁၆ နှစ်ဆက်တိုက် စုစုပေါင်း ၂၀ ကြိမ်တိတိ ပြည်ထောင်စုဒိုင်းဆုကြီးများကို အပိုင်ရယူလာပေးပြီး တိုင်းဒေသကြီးရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ လူမျိုးတစ်မျိုးရဲ့ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံလဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘော အသင်းများတွင် တိုင်းဒေသကြီး လက်ရွေးစင်ဟောင်းများမပါဘဲ လူငယ်လက်ရွေးစင်အသစ်များနဲ့သာ စုဖွဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါကြောင်း၊ ပြည်ထောင်စုဒိုင်းကို ရယူနိုင်သော အသင်းများအဖြစ် အောင်မြင်မှုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်ပေးနိုင်သလို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေမှာ မြန်မာ့လက်ရွေးစဉ် ဘတ်စကက်ဘောအသင်းမှာ တိုင်းဒေသကြီးမှ မွေးထုတ်ပေးလိုက်သည့် အားကစားသမားများ အများဆုံးပါဝင်နိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ဘတ်စကက်ဘောအသင်းမှ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက အမျိုးသမီး ၃ ယောက်တွဲ၊ အမျိုးသမီး ၅ ယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲများတွင် ရရှိခဲ့ကြသော တံခွန် စိုက်ဒိုင်းဆုများအား အပ်နှံကြပြီး တိုင်းဒေသကြီး အမျိုးသမီး ဘတ်စကက်ဘော အသင်းအုပ် ချုပ်သူမှ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသမီး ၃ ယောက် တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း - ၅၀ အားလည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသမီး (၅) ယောက်တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း- ၅၀ အား အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ အသီးသီး ပေးအပ်ချီးမြင့်ကြ သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီး ၃ ယောက်တွဲ၊ ၅ ယောက်တွဲ ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့သည့် မှတ်တမ်းဗွီဒီယို Slide အား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)