MNP ၊ စက်တင်ဘာ ၂၀
ချင်းပြည်နယ်အတွင်း အသစ်တိုးချဲ့ဖွဲ့စည်းထားသော တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်ရုံးများအတွက် မြေနေရာရရှိရေးနှင့် ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ချင်းပြည်နယ်အတွင်းရှိ အသစ်တိုးချဲ့ဖွဲ့စည်းထားသည့် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်ရုံးများအတွက် မြေနေရာရရှိရေးနှင့် ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး စသည့် အရေးကြီးသည့် ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးမည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မည်သည့်ကိစ္စ အခက်အခဲပဲမဆို ညှိညှိနှိုင်းနှိုင်းဖြင့် ဝိုင်းဝန်းဆွေးနွေးမည်ဆိုပါက အကောင်းဆုံး ဆောင်ရွက်နိုင်မည်ဖြစ်၍ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအကြံပြု တင်ပြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြိုင်က တီးတိန်နှင့် ပလက်ဝခရိုင်ရုံးများအတွက် မြေနေရာရရှိနေ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရန်လိုသည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးဟောင်းလွမ်းက ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တော သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တီးတိန်နှင့် ပလက်ဝခရိုင်ရုံးများ မြေနေရာရှိရေးနှင့် ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် စစ်ဗျူဟာ (အခြေချ) ဟားခါး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment