နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား




MNP ၊ စက်တင်ဘာ  ၂၀

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးဆိုင်ရာစည်းကမ်း ချက်များနှင့် အညီ ကျင်းပရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများနှင့် ရုပ်ဝတ္ထု ပစ္စည်းများ အရှိန်အဟုန်ဖြင့် လျင်မြန်စွာပြောင်း လဲတိုးတက် နေကြောင်း၊  ထိုအရာများတွင် နယ်စည်း မခြားသော ပွင့်လင်းလွတ်လပ်မှုဆိုသည့် အယူအဆ များနှင့်အတူ လူမှုကွန်ရက် ဆိုရှယ်မီဒီယာများသည် အရေးပါသည့်အခန်းကဏ္ဍ တစ်ရပ်ဖြစ် လာကြောင်း၊ ထိုလူမှု ကွန်ရက်များကို အသုံးပြု၍ ပညာရေးနှင့်ကျန်းမာရေးတို့တွင် ကောင်းသော အကျိုး ကိုဆောင်ရွက် နိုင်သကဲ့သို့ မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်  လူမှုရေး သာမကယဉ်ကျေးမှုရေးရာ အခန်းကဏ္ဍများအထိ မှေးမှိန်သေးသိမ်အောင်၊ ညစ်နွမ်းအောင် ဝင်ရောက်ထိုးဖောက် မွှေနှောက်နိုင်သည့် အကြောင်းခြင်းရာများလည်း ရှိနေကြောင်း။

အထူးသဖြင့် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်းပခုံးပြောင်း သယ်ဆောင်ကြမည့် ဖြူစင်ရိုးဖြောင့်တက်ကြွစွာ ဆန်းသစ်တီထွင်လိုစိတ်နှင့် စွန့်စားလိုစိတ်ကြီးမားလွန်း ကြသည့် မျိုးဆက်သစ်လူငယ်များအတွက် အဆိုပါလူမှု ကွန်ရက်များကပင်  မိမိတို့နိုင်ငံ၏ ရေမြေဒေသ သဘာဝလူမှုဘဝ ပကတိအခြေအနေနှင့် ဆက်စပ်မှုမရှိသော ဆန့်ကျင်ဘက် ဖြစ်သည့် အစွန်းရောက် အတွေးအခေါ်အမူအကျင့်များကို အနုပညာဆိုသည့်လူငယ် လူရွယ် အကြိုက်မျက်နှာဖုံးတပ်၍ ထိုးဖောက်ဝင်ရောက်လျက်ရှိကြောင်း။

အနုသုခုမပညာရပ်သည် နက်နဲသိမ်မွေ့သည့် ပညာရပ်ဖြစ်ကြောင်း၊ စိတ်ခံစားမှုကို  နှိုးဆွလွှမ်းမိုးနိုင်စွမ်း လည်းကြီးမားကြောင်း၊ ရိုင်းသည်ကိုယဉ်အောင်၊ ယဉ်သည်ကို ရိုင်းအောင်လည်းပြုနိုင်စွမ်းရှိကြောင်း၊ အဖြူကို အမဲ၊ အမဲကို အဖြူဖြစ်အောင်ပြောင်းလဲ နိုင်စွမ်းလည်း ကြီးမားကြောင်း။

ထို့ကြောင့် ထိရောက်မှုစွမ်းအားကြီးမားထက်မြက်သည့် အနုသုခုမပညာရပ်များမှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရေးကို နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ရှိသူ တာဝန်သိသူများအနေဖြင့် ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက် နေကြခြင်းဖြစ်ကြောင်း။

ဩဂုတ်လက ကျင်းပခဲ့သည့် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ  တာဝန်ရှိသူများ၊ ဘာသာရပ် အလိုက်တာဝန်ယူ အကဲဖြတ်ကြမည့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြုတက်ရောက်လာသူများက (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင် ရေးအတွက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့်  တာဝန်ဝတ္တရားများကို ဆွေးနွေးပြောကြား အဆုံးအဖြတ် အချို့ကိုရယူခဲ့ကြပြီး ဖြစ်ကြောင်း။ 

ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်  ဆောင်ရွက်ရန်ကျန် လုပ်ငန်းကိစ္စရပ်များကို အပြီးသတ်တင်ပြသွား ကြရန်ဖြစ်ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနေသည်ကို ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ထည့်သွင်းဖော်ပြနေသည့် အတွက် အများပြည်သူများ အကြားပျံ့နှံ့သိရှိ စိတ်ဝင်စားနေကြပြီဖြစ်ကြောင်း၊  ဗဟိုအဆင့် ပြိုင်ပွဲကျင်းပရန် အချိန်လည်း နီးကပ်လာခဲ့ပြီဖြစ်ကြောင်း။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါဝင် သော လူမှုရေးဦးတည်ချက်ဖြစ် သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကိုလေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဆိုသည့် ဦးတည်ချက်နှင့် အညီ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် အနေဖြင့် ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက်  မူလသတ်မှတ်လျာထား သည့် အချိန်ဇယားအတိုင်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း တင်ပြပေးကြရန်နှင့် လုပ်ငန်းအရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအပြီး အပြတ်ဆုံးဖြတ်ချက် ချမှတ်ရမည့် ကိစ္စရပ်များကျန်ရှိပါက ဝိုင်းဝန်းဆွေးနွေးတင်ပြကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ပြိုင်ပွဲကျင်းပမည့် အစီအမံများနှင်ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုများကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးမောင်မောင်အုန်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးသောင်းဟန်၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာ ဌေးအောင်တို့က (၂၃) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လုံးခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ် အမှတ်ပေး ကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေး နှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများ ကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ် ပြန်ရေးနှင့်လှုံ့ဆော်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ၊ တည်းခိုရေးနှင့် ပြိုင်ပွဲ ကျင်းပမည့် နေရာအုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီး မှုနှင့် သွေးစည်း ညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အနု သုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊  မျိုးဆက်သစ်လူငယ်များ၏ နှလုံးသားတွင် မိမိတို့ ရိုးရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမများကို မြတ်နိုးခုံမင်စွာ လေ့လာလိုက်စားပြီး အနာဂတ်ကာလများတိုင် ပခုံးပြောင်းလက်ဆင့်ကမ်း သယ်ဆောင် သွားလိုစိတ်များ ကိန်းအောင်း ရှင်သန်စေရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)