မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း သမ္မတပူတင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း သမ္မတပူတင် ပြောကြား


MNP ၊ စက်တင်ဘာ ၇

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum -2022) သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin နှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadov နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာကောင်းများစွာကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ လာရောက်တက်ရောက်သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်သမ္မတကြီး ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်း တစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုမှ စတင်ကာနှစ်နိုင်ငံ ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှားနိုင်ငံအနေဖြင့် အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်သော်လည်း အဆွေတော်သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပါကြောင်း၊ အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စမှန်သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အသေးစိတ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် ခင်မင်ရင်းနှီးစွာ အပြန်အလှန်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)