MNP - စက်တင်ဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းသည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့်အတူ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဏဖွံ့ဖြိုးတိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ယွန်းကျေးရွာ၌ တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း တာဝန်ရှိသူများ၊ ရှဲန်ရွက်အဆင့်မြင့်တည်းခိုခန်း၌ WHITE CLEAN အသင်း တာဝန်ရှိသူများနှင့် အသီးသီးတွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တာချီလိတ်ခရိုင် ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများအား စပါးသီးနှံ မျိုးစေ့ထုတ်တောင်သူအစုအဖွဲ့၊ ဆီထွက်သီးနှံနေကြာ၊ ကော်ဖီသီးနှံ၊ မက္ကဒေးမီးယား၊ လက်ဖက်သီးနှံတောင်သူအစုအဖွဲ့နှင့် ရော်ဘာသီးနှံတောင်သူအစုအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းသည် ဆီထွက်သီးနှံနေကြာ၊ မိုးစပါး၊ ကော်ဖီသီးနှံ၊ လက်ဖက်၊ ကျွဲကော၊ ရော်ဘာ၊ တော်ဝင်မိုင်းယောင်းဆန်စက် စသည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment