နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ပွဲ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ပွဲ တက်ရောက်ချီးမြှင့်

 



MNP - စက်တင်ဘာ  ၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြိုနယ်၊ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူမျာအား ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သရေစည်သူဦးမြင့်လှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊  ဦးဇေယျာလင်း၊ ရဲမှူးကြီးကိုကိုလွင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂုဏ်ထူးရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၁၃ ရာခိုင်နှုန်းရှိပြီး  ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၀ ဒသမ ၄၀ ရာခိုင်နှုန်းရှိရာ ယခုနှစ်အောင်ချက် ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ သင်ကြားပေးခဲ့ကြသည့် ဆရာ၊ဆရာမများ၊ ကြိုးစားခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရည်အသွေးရှိသည့် ဆရာ/ဆရာမများကသာ ထူးချွန်သော ကျောင်းသား/ကျောင်းသူများကို မွေးထုတ်ပေးနိုင်ရုံသာမက အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း ရရှိနေသည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာစေရေးနှင့် အဆင့်မြင့်ပညာရပ်များကို ဆထက်တပိုး ကြိုးစားသင်ယူ သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သရေစည်သူဦးမြင့်လှိုင်က ဂုဏ်ပြုအမှာ စကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)နှင့် အလှူရှင်များမှ ကျောင်းအတွက် ငွေပဒေသာပင် စုစုပေါင်း သိန်း (၉၀)နှင့် ကျောင်းဝတ်စုံ၊ အားကစားဝတ်စုံ၊ Maskများ အားအသီးသီးလှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။


ယင်းနောက် ငွေပဒေသာပင် စိုက်ထူလှူဒါန်းရခြင်းနှင့်ပတ်သက်၍ KMK Co.Ltdမှ ဦးခင်မောင်အေးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ယမင်းမြင့်ဆွေ တို့က အသီးသီးရှင်းလင်းပြောကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သရေစည်သူဦးမြင့်လှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအဆင့်စာစီစာကုံး၊ ကဗျာ၊ဆောင်းပါး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသား ကျောင်းသူများ၊  ဆရာ/ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ပြည်ထောင်စုနယ်မြေ နေပြည်တော် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သုံးဘာသာ(၅)ဦး၊ နှစ်ဘာသာ (၁)ဦး၊ တစ်ဘာသာ(၁၅)ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦး ရှိကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)