ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတို လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 



MNP - စက်တင်ဘာ   ၃၀


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံပြည်သူများ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် စေခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုကာလတို လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသခံပြည်သူများ အသုံးပြု လိုသော လူသုံးကုန်များကို ကုန်ကျစရိတ်သက်သာစွာ ရရှိသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားခြင်း၊ မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေရရှိခြင်း၊ ကျေးလက်နေပြည်သူများဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ရရှိသည့် ပညာရပ်များ ကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း အမှာစကားပြောကြားပြီး အောက်ဆန်ဂေါင်ကျေးရွာ တာဝန်ခံ ဦးမင်ထုန်းဒီး က ပူတာအိုဒေသသည် လမ်းပန်းဆက်သွယ်ရေး ဝေးလံခက်ခဲခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားစွာ ဝယ်ယူ သုံးစွဲနေရသည့် လူသုံးကုန်ပစ္စည်းများကို ဒေသအတွင်းထုတ်လုပ်ပြီး ကုန်ကျစရိတ်သက်သာစွာ ဝယ်ယူသုံးစွဲ ရတော့မည်ဖြစ်သဖြင့် များစွာ ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက သင်တန်းဆင်းလက်မှတ်များနှင့် မြို့နယ် သမဝါယမဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခေါ်ဒုဒီးဆားရ်က သင်တန်းထုတ်ကုန်ပစ္စည်းများကို သင်တန်းသူများထံ အသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ဝဒမ်းခေါင်ချန်က သင်တန်း ဖွင့်လှစ်ပေး ခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ လက်ရာသင်တန်း ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အခမဲ့ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် ဆပ်ပြာထုတ်လုပ်နည်း (၁၀)မျိုးတို့ကို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ နည်းပြများက စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စက်တင်ဘာလ (၂၆)ရက်မှ (၃၀) ရက်နေ့အထိ သင်တန်းကာလငါးရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အောက်ဆန်ဂေါင် ကျေးရွာမှ သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


 သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)