မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရားကြီးနှင့် မန်းစက်တော်ရာဘုရားတို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အလှူတော်ငွေလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရားကြီးနှင့် မန်းစက်တော်ရာဘုရားတို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အလှူတော်ငွေလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်




MNP - စက်တင်ဘာ   ၂၁


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝန်းအတွင်းရှိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ မန်းစက်တော်ရာဘုရားနှင့် အောက်ကျောင်းဘုရားကြီးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမန၊ မကွေးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိမလတို့ ကြွရောက်တော်မူကြပြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဘုရား(၃)ဆူမှ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်အပေါင်းတို့က မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမန အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရကိုယ်စား မြန်မာနိုင်ငံရှိ သမိုင်းဝင်ဘုရား၊ စေတီတော်များကို နှစ်စဉ်အလှူတော်ငွေများ လှူဒါန်းနေမှုများ ရှိသည်ကို သိရှိရသဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါကြောင်း၊ ဘုရား၊ စေတီတော်များကို ရှေးယခင် ဘုရင်မင်းများလက်ထက်မှတိုင် အလှူတော်ငွေများ လှူဒါန်းလာခဲ့ရာ ယခုလို ခေတ်နှင့်အညီ အလှူတော်ငွေများ တိုးမြှင့်လှူဒါန်းလာခြင်းအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အနေဖြင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်လည်းကောင်း၊ ဒေသခံတစ်ဦးအနေဖြင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်မိပါကြောင်း၊ ဂေါပက အဖွဲ့များအနေဖြင့်လည်း ဘုရားအလှူတော်ငွေများကို အကျိုးရှိစွာ အသုံးပြုကြရန်နှင့် အလေအလွင့်မရှိစေရန် စီမံဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်း ဘာသာ၊ သာသနာ တိုးတက်စေရေးအတွက် ဆက်လက်အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။


ဆက်လက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းက သမိုင်းဝင် ဘုရားစေတီ(၃)ဆူအတွက် အလှူတော်ငွေများ တိုးမြှင့်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားရာတွင် သမိုင်းဝင်ဘုရား(၃)ဆူအတွက် အလှူတော်ငွေများကို ရှေးမြန်မာ ဘုရင်များ လက်ထက်မှစ၍ အစဉ်အလာမပျက် လှူဒါန်းမှုများရှိလာခဲ့ရာ ယခုခေတ်ကာလအခြေအနေအရ ယခင်က လှူဒါန်းခဲ့သောငွေပမာဏမှာ အလွန်နည်းပါးနေခြင်း ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် တိုးမြှင့်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ကျောင်းတော်ရာစေတီတော်မြတ်ကြီးကို မဏိစည်သူမင်း လက်ထက်မှစတင်၍ အလှူတော်ငွေများ လှူဒါန်းခဲ့ပါကြောင်း၊ ခေတ်ကာလအခြေအနေအရ တိုးမြှင့်လှူဒါန်းလာခဲ့ရာ ယနေ့အချိန်ထိ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေ သုံးသောင်း၊ မန်းရွှေတော်ဘုရားကြီးအတွက် အလှူတော်ငွေ ကျပ်တစ်သောင်း၊ အောက်ကျောင်းဘုရား ကြီးအတွက် အလှူတော်ငွေ ကျပ်ငါးထောင်တို့ကို နှစ်စဉ် အစဉ်အလာမပျက် လှူဒါန်းနေသည်ကို မှတ်တမ်းများအရ သိရှိရပါကြောင်း၊ ယခုအခါ ဘုရား၊ စေတီတော်များ ဘက်စုံပြုပြင်ရာတွင် ထိရောက်မှုရှိစေရန်ရည်မှန်းလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျောင်းတော်ရာစေတီတော်အတွက် ငွေကျပ်(၃၀)သိန်း၊ မန်းရွှေစက်တော်ဘုရားအတွက် ငွေကျပ်(၁၀)သိန်းနှင့် အောက်ကျောင်းဘုရားကြီးအတွက် ငွေကျပ်(၅)သိန်း နှစ်စဉ်အသီးသီး တိုးမြှင့်လှူဒါန်း သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း လျှောက်ထားသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသုမနနှင့် မကွေးမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဝိမလတို့ထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေ(၃၀)သိန်း၊ မန်းစက်တော်ရာ ဘုရားအတွက်(၁၀) သိန်းနှင့် အောက်ကျောင်း ဘုရားကြီးအတွက် (၅) သိန်းတို့အား သက်ဆိုင်ရာ ဂေါပက အဖွဲ့များသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့များမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။


ယင်းနောက် မကွေးတိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ မန်းစက်တော်ရာဘုရားနှင့် အောက်ကျောင်း ဘုရားကြီးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူတော်ငွေများ လာရောက်လှူဒါန်းမှုအပေါ် ဂေါပကအဖွဲ့များကိုယ်စား စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဧည့်ပရိသတ်အပေါင်းတို့က မကွေးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရေစက်ချအနုမောဒနာတရား နာယူကြ ကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)