မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း မုန်းသီတာစိုက်ပျိုးရေး ကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း နေမှုအား ကြည့်ရှုကာ၊ ရွာခိုင်ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း မုန်းသီတာစိုက်ပျိုးရေး ကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်း နေမှုအား ကြည့်ရှုကာ၊ ရွာခိုင်ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ



MNP - စက်တင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ မုန်းသီတာ စိုက်ပျိုးရေး ကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကြည့်ရှုအားပေးကာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေဖြန့်ဝေပေးမှုများ ကြည့်ရှု၍ ရွာခိုင်ကျေးရွာအုပ်စုမှ မိုးစပါး စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက် ခဲ့သည်။


ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ မုန်းသီတာစိုက်ပျိုးရေးကုမ္ပဏီ(ဖူးပွင့်သမအသင်း)မှ စိုက်ပျိုးထား ရှိသော ဆာဖိုးသာ - ၁ စပါးမျိုး စံပြကွက်စိုက်ခင်းနှင့် မိဘလိုင်းမွေးမြူထိန်းသိမ်းခြင်းနှင့် စပါးနက်မျိုးစေ့ထုတ် စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေ အားလည်းကောင်း၊ ပခန်းရွှေဝါမျိုး စိုက်ခင်းအတွင်း မျိုးကွဲ ပယ်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးကာ မျိုးကွဲပယ် ဆောင်ရွက်နေသည့် တောင်သူများအား စားသောက်ဖွယ်များနှင့် အချိုရည်ဗူးများ ဝေငှပေးခဲ့သည်။


ဆက်လက်၍ မုန်းသီတာစိုက်ပျိုးရေးကုမ္ပဏီ မျိုးစေ့ထုတ်စက်ရုံတွင် အနက်ရောင်ဆန်မွှေးစပါး နေနာက်ဆုံးအဆင့် မျိုးရွေးချယ်ခြင်းနှင့် ရာသီစပါးမှ သက်တမ်းစပါးသို့ ပြောင်းလဲရန် သုတေသန ပြုလုပ်ထားမှုအား အားပေးကြည့်ရှုခဲ့ပြီး၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း တောင်သူများ လူနေမှု ဘဝမြင့်မားစေရေးနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အထူးအလေးထား ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် စီးပွားဖြစ် စပါးမျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးကောင်း မျိုးသန့် စပါးမျိုးများကို သေခြာစိစစ် ရွေးချယ်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်မှာ ဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ် လုပ်ငန်းကို အထောက် အကူဖြစ်စေရေးနှင့် မျိုးစေ့ဖိုး ကုန်ကျစရိတ် သက်သာစေရေးအတွက် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးပွား စိုက်ပျိုးနည်းစနစ်များကိုလည်းစမ်းသပ် စိုက်ပျိုး ဆောင်ရွက်ကြ စေလိုကြောင်း၊ မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိရေးနှင့် တစ်နှစ်ကို သီးနှံသုံးသီး(သုံးရာသီ) စိုက်ပျိုး နိုင်စေရေးအတွက် ဆိုလာလျှပ်စစ်သုံး မြစ်ရေတင် စီမံကိန်းများနှင့် မြေအောက်ရေသုံး ဆိုလာစက်ရေ တွင်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ စားသုံးသီးနှံများတွင် အစားအစာ ဘေးကင်းလုံခြုံရေး အတွက် စိုက်ပျိုးစရိတ်အကုန်အကျ သက်သာသော သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးများ အစားထိုး ထုတ်လုပ်သုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားကာ၊ စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဒေသခံတောင်သူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ကွင်းအမှတ်(၇၈၇) မိုးစပါးစိုက်ခင်းသို့ ရောက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ တစ်ဆင့် စိုက်ပျိုးရေဖြန့်ဝေပေးလျက်ရှိသည့် မြောက်မုန်း မြောင်းမကြီး အတွင်းမှ ဆည်ရေအား အလိုအလျောက် အမြင့်တင် စနစ်ဖြင့် မိုးစပါးစိုက်ခင်းများအား ရေတင်ခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ၊  စိုက်ပျိုးရေ ဖြန့်ဝေရာ၌ ဆည်ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဖြန့်ဝေဆောင် ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် ရွာခိုင်ကျေးရွာအုပ်စုမှ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးကာ တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိရေး ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်ကြဖို့၊ ရေလိုအပ် ချက်ရှိသည့် ဧရိယာများအား ရေတင်စနစ်ဆောင်ရွက်ခြင်းနှင့် ရေဝပ်ဧရိယာများအား ရေဆိုးထုတ် မြောင်းများ တူးဖော်ပေးခြင်းဖြင့် တောင်သူများ တစ်နှစ်လျှင်သုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစား ဆောင်ရွက်ကြဖို့၊ တစ်ဧကဝင်ငွေ တိုးတက်လာအောင် ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးရေ ရယူသုံးစွဲရာ၌ ဆည်ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ သုံးစွဲသွားကြဖို့ လမ်းညွှန်မှာကြားကာ၊ ဒေသခံ တောင်သူများမှ စိုက်ပျိုးဆိုင်ရာများ တင်ပြဆွေးနွေးမှုများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)