မြိတ်မြို့နယ်လုံးကျွတ် သီလရှင်(၅၅၇)ပါးတို့အား ဝတ်ရုံနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူတော်ငွေ(၃၉၈)သိန်းလှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်လုံးကျွတ် သီလရှင်(၅၅၇)ပါးတို့အား ဝတ်ရုံနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူတော်ငွေ(၃၉၈)သိန်းလှူဒါန်းပွဲကျင်းပ

 

MNP - စက်တင်ဘာ  ၂၆


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းအသီးသီးတို့မှ ဘာသာသာသနာကို အကျိုးပြုနေသည့် သာသနာ့အနွယ်ဝင်သီလရှင်ပေါင်း(၅၅၇)ပါးတို့အား “အေးအေးချမ်းချမ်းနဲ့ သာသနာပြုနိုင်ဖို့၊ ဘာသာရေးလုပ်ငန်းမှာ စိတ်ဝင်တစားနဲ့ ပျံ့ပွားလာစေဖို့အထောက်အပံ့ပြုပေးရန်”ရည်ရွယ်လျက် ဦးမောင်တိုး-ဒေါ်သန်းသန်းယု(ရန်ကုန်မြို့-ယုဇန) အလှူရှင်မိသားစုမှကြီးမှူး၍ မြို့နယ်လုံး ကျွတ်သီလရှင် ဝတ်စုံများနှင့် ဆန်အပါအဝင် အသုံးအဆောင်ပစ္စည်းမျိုးစုံပါသည့် ဆွမ်း-ဆန်စိမ်းလောင်လှူပွဲကို မြိတ်မြို့-တပ်ပြင်ရပ် ကွက်၊ ရွှေကျင်တိုက်-သီလရှင်ကျောင်းဝင်းအတွင်း ၁၃၈၄ခုနှစ်၊သီတင်းကျွတ်လဆန်း(၁)ရက် စက်တင်ဘာလ၂၅ရက်နေ့ နံနက် ၉နာရီအချိန်က (ပထမ)အကြိမ်အဖြစ် ထူးခြားစွာ ကျင်းပရာ အလှူရှင်များနှင့်အတူ ဖိတ်ကြားထားသော စေတနာရှင်/အလှူရှင်များ/လူမှုအဖွဲ့အစည်းအသီးသီးမှ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ နမောတဿမဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြိတ်မြို့စံကျောင်းတိုက်ပဓာန နာယ ကဆရာတော် ဂန္ထဝါစကပဏ္ဍိတသဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသက လူပရိတ်သတ်အပေါင်းအား ငါးပါးသီနှင့်အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်မြွက်ကြားပေးပြီးနောက် အလှူရှင်မိသားစုမှ ဆရာတော်/သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေသာဓု သုံးကြိမ်ခေါ်ဆို၍ ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြောင်း၊ အလားတူ သာနာ့အနွယ်ဝင်သီလရှင်များနှင့် လူပရိတ်သတ်အပေါင်းတို့ကိုလည်း နေ့လယ်စာ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ မွန်းတည့် ၁၂နာရီအချိန်မှစ၍ မြိတ်မြို့နယ် ကျောင်းတိုက်အသီးသီးရှိ သာသနာ့အနွယ်ဝင် သီလ ရှင်ပေါင်း(၅၅၇)ပါးတို့အား ရန်ကုန်မြို့မှ ဦးမောင်တိုး-ဒေါ်သန်းသန်းယု၊ သမီးများများဖြစ်သော မဆုဝေတိုး၊ မသံဆင့်တိုးနှင့်မဟေမာအေးစသဖြင့် မတည်အလှူရှင်များနှင့် မြိတ်မြို့အတွင်းမှ စေတနာရှင်/အလှူရှင်အသီးသီးတို့က သီလရှင်ဝတ်စုံ အပါဝင် ဆန်/ဆီ/ဆေးအမျိုးမျိုး/ထီး /ဖိနပ်နှင့် အခြားအသုံးအဆောင်ပစ္စည်းမျိုးမျိုးတို့ကို စေတနာသဒ္ဒါအပြည့်ဖြင့် ဆွမ်း-ဆန်စိမ်းလောင်းလှူခဲ့ကြရာ မြိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အခြားလူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အသီးသီးတို့က ပံ့ပိုးကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။


ယနေ့တွင် ရန်ကုန်မြို့မှ ဦးမောင်တိုး-ဒေါ်သန်းသန်းယု မိသားစုမှလှူဒါန်းမှုမှာ ဆရာတော်/သံဃာများနှင့်သီလရှင်(၅၅၇)ပါးအတွက် ဝတ္ထုအလှူငွေ ကျပ်(၉၅)သိန်း၊ ဆန်နှင့်ဆွမ်းဆန်စိမ်းလှူဖွယ် အစုစုအတွက် လှူဒါန်းငွေ ကျပ်(၁၈၃)သိန်း၊  မြိတ်မြို့-ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် သွေးကြဲဆေး(ပထမ)အကြိမ်အဖြစ် ကျပ်(၅၀)သိန်းနှင့်(ဒုတိယ)အကြိမ်လှူဒါန်းငွေ ကျပ်(၇၀)သိန်း အားလုံး စုစုပေါင်းလှူဒါန်းငွေ ကျပ်(၃၉၈)သိန်းဖြစ်ကြောင်း အလှူရှင်များထံမှ သိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)