ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့သို့ချီမည် ပန်းတိုင်ဆီသို့


၂၀၂၂ ခုနှစ်  စက်တင်ဘာလ (၇) ရက်နေ့သည် ရုရှား-မြန်မာ ဆက်ဆံရေးသမိုင်းစာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို ထပ်မံစိုက်ထူလိုက်နိုင်သည့်နေ့ဟု ဆိုနိုင်သည်။ မကြာမီ ၇၅ နှစ်ကာလတိုင်တော့မည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့မှု သမိုင်းတွင် ယခင်ကာလများကလည်း ယခုနှယ် မှတ်တိုင်များ ရှိခဲ့ဖူးသည်။ အတိတ်သမိုင်းလှခဲ့သလို ယခုမျက်မှောက်ကာလတွင် မှတ်တိုင်အသစ်အဖြစ် စိုက်ထူနိုင်မှုသည် ရှိရင်းစွဲသော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ထောက်မကူညီခဲ့မှုအတွက် သက်သေဟု ဆိုနိုင်သည်။


ခမ်းနားထည်ဝါလှသော ဗလာဒီဗော့ စတော့ခ်မြို့ရှိ FEFU Compus သည် ယနေ့တွင်  ပိုမိုလင်းလက်သည့် အသွင်အပြင်ဖြင့် တည်ငြိမ်စွာရှိနေသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏  သမ္မတ H.E.Vladimir Vladimirovich Putin သည် အိမ်ရှင်၏ကြိုလင့်မှုဖြင့် စောင့်စားသည်။ အိမ်ရှင်နှင့် ဧည့်ကောင်းဆောင်ကောင်း ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံ ဆွေးနွေးမှုသည်  မကြာမီကာလတွင် စတင်တော့မည်ဖြစ်သည်။ မကြာမတင် သောအချိန်တွင်  မြန်မာနိုင်ငံ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်တွေ့ဆုံသည့်အခါ  ကနဦးစတင်နှုတ်ဆက်မှုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ထံမှ နှုတ်ထွက်စကား သည် “မင်္ဂလာပါ” ဟူသော  မြန်မာစကားစု။


ခေါင်းဆောင်နှစ်ဦး၏ ယုံကြည်ချက်၊  ခံယူချက်၊ ကြိုးပမ်းချက်


များပြားမှုမရှိသော စကားစုတွင် အဓိပ္ပာယ်များစွာပါသည်။ ကောင်းခြင်းများသာ စုစည်းရရှိပါစေဟု  ဆုမွန်ကောင်း စကားဆိုသည်ဟု ပြောနိုင်သကဲ့သို့ နှစ်နိုင်ငံလုံးအတွက် မင်္ဂလာမည်သည့် အကြောင်းအရာများကို ဆွေးနွေးကြပါစို့ဟု ပဋိသန္ဓာရ စကားဆိုခြင်းဟုလည်း မှတ်ယူနိုင်သည်။ အဓိပ္ပာယ်များစွာပါသော စကားစုဖြင့် နှုတ်ဆက်ပြီး နွေးနွေးထွေးထွေးဖြင့် လက်ဆွဲနှုတ်ဆက်သည်။ တစ်ခဏသော လက်ဆွဲနှုတ်ဆက်မှုတွင် အဓိပ္ပာယ်များစွာပါ၍ ခေါင်းဆောင်နှစ်ဦး၏ အပြုံးမှာ အသက်ဝင်လွန်းလှသည်။ စီမံခန့်ခွဲနေရသည့် ခေါင်းဆောင်နှစ်ဦး၏ ယုံကြည်ချက်၊ ခံယူချက်၊  ကြိုးပမ်းချက်များမှာ တင်းတင်းဆွဲကိုင်လိုက်ကြသော လက်အစုံတွင် မြင်နိုင်သည်။


အိမ်ရှင်နိုင်ငံ့ခေါင်းဆောင် Mr.Putin ၏ ကနဦးစကားတွင် ရုရှား-မြန်မာ နှစ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်တွင် ပြည့်မြောက်မည့် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် အခမ်းအနားကို ဂုဏ်ပြု ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် စသည်။ ကမ္ဘာ့စံနှုန်းသတ်မှတ်ချက်များအရ (၇၅)နှစ်မြောက်ကို  စိန်ရတုဟု သတ်မှတ်သည်။ စိန်ဟူသည်က ကမ္ဘာတွင် မာဂုဏ်အမြင့်ဆုံး၊ တန်ဖိုးအမြင့်ဆုံးသော  ရတနာဟုသိထားရသည်မို့ အတိတ်အရ၊ နိမိတ်အရပင် လွန်စွာလေးနက်လှသည်ဟု ဆိုနိုင်သည်။


ဆက်လက်ပြောကြားမှုတွင် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ သဘောထားက ကျေနပ်ဖွယ် ကောင်းလှသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယုံကြည်အားထားရသည့် ကာလရှည် မိတ်ဖက်နိုင်ငံ၊ တစ်နည်းအားဖြင့် မဟာမိတ်နိုင်ငံဟု ညွှန်းသည်။ ရှည်လျားလှသော သမိုင်းကြောင်း၏ အကဲဖြတ်ချက်အရ ထွက်ပေါ်လာသည့်စကားစုဟု သုံးနှုန်းလျှင် မှားမည်မထင်ပါ။  နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်းတစ်လျှောက် တိုးတက်လာသည့် ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်း အလားအလာကောင်းများစွာရှိမှုနှင့် ယခုဖိုရမ်ကို  တက်ရောက်လာမှုအပေါ် ကျေးဇူးတင်စကားလည်း ဆိုသည်။ တည်ငြိမ်သည့်အပြောတွင် ရည်မှန်းချက်ပါသည်ကို  သတိပြုမိသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အပြန်အလှန် ကျေးဇူးတုံ့ပြန်စကားဖြင့် စသည်။  နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကာလကို  ညွှန်းဆိုရင်း   ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးအဖြစ် ဂုဏ်ပြုစကားဆိုသည်။ အနိမ့်၊ အမြင့် မျိုးစုံသော ဆက်ဆံရေးသမိုင်းနှင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလမှစတင်၍  နှစ်နိုင်ငံ   ဆက်ဆံရေးတိုးတက်လာမှုကို အရှိန်အဟုန်ဖြင့်ဟူသော အထူးပြုစကားလုံးဖြင့် ညွှန်းဆိုသည်။ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်တွင် ရုရှားနိုင်ငံ  ရင်ဆိုင်ခဲ့သည့် အခက်အခဲအပေါ် လက်ရှိသမ္မတကြီး  တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်  ရောက်ရှိလာမှု၊ ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိလာမှုနှင့်အတူ ကမ္ဘာ့အရေးကိစ္စများတွင် ရပ်တည် ဆောင်ရွက်နေမှုများကို ဂုဏ်ပြုစကားဖြင့် ဖော်ပြသည်။


ရုရှားနှင့်မြန်မာ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ ဆက်လက်ပူးပေါင်း


လာမည့်အနာဂတ်ကာလတွင် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဆိုသည်ကိုလည်း  ထည့်သွင်းပြောဆိုသည်။ ကဏ္ဍတစ်ခုတည်း၊ အနည်းငယ်မျှသော ကဏ္ဍ၊  ကဏ္ဍအချို့စသည့် ကန့်သတ်ချက်မပါ။ ကဏ္ဍပေါင်းစုံဟု သုံးနှုန်းသည်။  စီးပွားရေး၊  လူမှုရေး၊ ယဉ်ကျေးမှု၊  ပညာရေး၊  ကျန်းမာရေး အစချီသည့် ကဏ္ဍနယ်ပယ်က မနည်းလှ။ မကြာမီက ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် Army Game ကဲ့သို့သော ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ဆောင်ရွက်မှုများကလည်း တစ်ခန်း တစ်ကဏ္ဍအဖြစ် ပါပေလိမ့်မည်။ ကျယ်ပြောလှသည့် ပညာရေး၊  ကျန်းမာရေးစသည့် ကဏ္ဍ တွေကလည်း ဦးစားပေးအဆင့်ထဲမှာ ပါပေလိမ့်မည်။ တစ်ပွင့်တည်းသော ပန်းအတွက်  ရည်ရွယ်ခြင်းမဟုတ်။  ပန်းပေါင်းစုံသော   ပန်းခင်းကြီးအဖြစ် ရည်ရွယ်သည်ဟု ဆိုရပေမည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင်  နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံကို ကာကွယ်ပိုင်ခွင့် အပြည့်အဝရှိသည်။ ကိုယ့်နိုင်ငံ၊ ကိုယ်၏ ပြည်သူပြည်သားများကို ကာကွယ်စောင့်ရှောက်ခွင့် ရှိသည်ဟု ဆိုသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် လည်း မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူပြည်သားများကို စောင့်ရှောက်  ကာကွယ်နေကြသည်ကိုလည်း  တွေ့နိုင်ပါကြောင်း၊  အနောက်နိုင်ငံကြီးတစ်နိုင်ငံ  အနေဖြင့်လည်း ၎င်းတို့နိုင်ငံ၏ စစ်အင်အားနှင့် ဩဇာအာဏာကို ဖြန့်ကြက်လုပ်ဆောင်မှုများ ရှိနေပြီး အရှေ့အာရှဒေသနှင့် အာဆီယံဒေသသို့လည်း  တိုးချဲ့ရန်  လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း  စသည့် ကမ္ဘာ့အရေး၊  တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။


မြန်မာဟူသော နိုင်ငံ၏အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာကြည့် ကြည့်မြင်ထားသည့် နိုင်ငံ့ခေါင်းဆောင်၏ အပြောတွင် သတိပြုရမည့်အချက်အလက်များ ပါသည်။ ဩဇာခံဟူသော အသုံးအနှုန်း၊ လက်အောက်ခံဟူသော ယူဆချက်အရိပ်များ  ထိန်းချုပ်ခံရခြင်း၊ ကန့်သတ်ခံရခြင်း၊  ပိတ်ဆို့ခံရခြင်း စသည့် အပျက်သဘောများကိုလည်း မြန်မာအပေါ် မသက်ရောက်စေလိုတာကို သတိပြုမိသည်။  မြန်မာအပေါ်ထားရှိသည့်  အကြီးအကဲ၏  စေတနာကား မနည်းလှ။


နှစ်နိုင်ငံစီးပွားရေးပေါင်းကူးတံတားများ ဖွင့်လှစ်ဆောင်ရွက်


ရုရှားသမ္မတကြီးမှလည်း နိုင်ငံတကာကို မျက်ခြည်မပြတ် လေ့လာဆွေးနွေးမှုအပေါ် သူ၏   ထင်မြင်ယူဆချက်ကို ပြောသည်။ ခေါင်းဆောင်နှစ်ဦး၏ နိုင်ငံတကာ၏ လှုပ်ရှားဆောင်ရွက်နေမှု များအပေါ် မြင်ချက်အရ အနည်းငယ်မျှ ကွဲပြားနိုင်သည့်တိုင် နိုင်ငံအပေါ်ထားရှိသည့် စိတ်စေတနာတို့မှာ ထပ်တူနီးပါးမျှသာ။ ရှိရင်းစွဲ သံတမန်ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေ၊ ဆက်စပ်သည့်  ကော်မရှင်များ  တိုးချဲ့၍ နှစ်နိုင်ငံစီးပွားရေး ပေါင်းကူးတံတားများအဖြစ် ဖွင့်လှစ်ဆောင်ရွက်ရန်တို့ကိုလည်း တိုင်ပင်သည်။


ဆက်လက် ပြောကြားချက်များတွင်လည်း မြန်မာအတွက် အားတက်စရာတွေ ပါသည်။ တိုးချဲ့ ဖွဲ့စည်းမည့်၊ တစ်နည်းအားဖြင့် စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းမည့် ကော်မရှင်မှ အခြေ တည်သည့် စီးပွားရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ရန် ခြေလှမ်းပြင်ဆင် နေမှုကိုလည်း ဆိုသည်။ လတ်တလော ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် လောင်စာဆီကိစ္စ ရှေ့ဆက်ဆောင်ရွက်လိုမှုများကို  ပြောသည်။  


တိုးတက်ထွန်းကားလာမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူရေး၊ ရေနံချက်စက်ရုံ  တည်ဆောက်ရေး စသည့်လုပ်ငန်းများ ဆောင်ရွက်ရန်သူ အားပေးကြောင်း၊ ထောက်ခံကြောင်းဖြင့်  မီးစိမ်းပြသည်။ လတ်တလော ရင်ဆိုင်နေရသည့် လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုအတွက်  အေးမြသည့် အသွင်အပြင်ရှိသည့် ရလဒ်ကောင်းက လက်တစ်ကမ်းဟုပင် သတ်မှတ်နိုင်သည်ဟု ဆိုနိုင်သည်။


သို့နှယ်သော အကြောင်းအရာဖြင့် အစပျိုးသည့် မင်္ဂလာသတင်းသည် ဤမျှနှင့် မပြီးသေး။ မြန်မာနိုင်ငံအတွက် သတင်းအချက်အလက် မျှဝေနိုင်ရေးအတွက် စီမံကိန်းကြီးတစ်ခုကိုလည်း ဆောင်ရွက်လိုမှုကို ဆိုသည်။ စီမံကိန်းကြီးအတွက် စကားဆိုရာမှာ ရုရှားခေါင်းဆောင်၏ဆွေးနွေးမှု  တက်ကြွနေသလို မြန်မာ့ခေါင်းဆောင်အနေဖြင့်လည်း အပြုံးဖြင့်တုံ့နှင်းသည်။  နိုင်ငံအတွက်ဟူသော  ခံယူချက်နှစ်ဖက် ခေါင်းဆောင်များ၏ ကိုယ်စီအတွေးတွင် ပြည့်နေပေလိမ့်မည်။ နှစ်နိုင်ငံအစိုးရ နှစ်ရပ်ကြား E-Government System ထူထောင်မှုအတွက် ဝမ်းမြောက်ကြိုဆိုမှု အခြေအနေကိုလည်း ရှင်းပြသေးသည်။ တိုးတက်လာသည့် နည်းပညာခေတ်တွင် နှစ်နိုင်ငံ၏ အပြန်အလှန်ဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်များအတွက် လျင်မြန်သည့်အဟုန်ဖြင့်  ကူးလူးဆက်သွယ်ဆက်ဆံရေးကို ဆောင်ရွက်နေသည့် အခြေအနေကား အားရဖွယ်ကောင်းလှသည်။


စိုက်ပျိုးရေးအခြေခံသည့်စီးပွားရေးစနစ်တွင် ပါဝင်ပူးပေါင်းဆောင်ရွက်လို


ဆက်လက်၍ဟုဆိုရမည့် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးစနစ်တွင် သူတို့၏ပါဝင် ပူးပေါင်းဆောင်ရွက်လိုမှုဖြင့် စကားဆိုသည်။ ကမ္ဘာ့ဓာတ်မြေဩဇာ ထုတ်လုပ်မှု အကြီးဆုံးနိုင်ငံပီပီ ကူညီဆောင်ရွက်ပေးနိုင်မှု၊ စိုက်ပျိုးထွက်ကုန်များကို ကူးသန်းရောင်းဝယ်မှုတို့အတွက် သူ၏ မျှော်မှန်းချက်၊   ဆောင်ရွက်နိုင်မှု တို့ကိုလည်း ဆိုသည်။


တစ်ခေတ်တစ်ခါက စကားစုတစ်ခု ရှိဖူးသည်။ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဟုဆိုသည်။  ခေတ်ပြောင်း၊ စနစ်ပြောင်းနှင့် ရာသီဥတုစသည့် ပြောင်းလဲမှုများကြားတွင် ထိုစကားမှေးမှိန်စပြုခဲ့သည်မှာ အချိန်ကာလတစ်ခုသို့ပင် တိုင်ခဲ့ပြီ။ ယခု ထိုစကားစု  တစ်ခေတ်ပြန် ဆန်းလာမည်လောဟု အတွေးဝင်မိသည်။ ပန်းတိုင်ကို မြင်ရုံသာမဟုတ် လှမ်းကိုင်နိုင်မည့် အခြေအနေသို့ပင် ရောက်လုပြီဟု ထင်လျှင် မှားမည်မဟုတ်ပေ။


တစ်ကျော့ပြန်လာနိုင်သည့် ကိုဗစ် ၁၉  ရောဂါအတွက်  ကာကွယ်ဆေးပေးအပ်လိုမှု၊  ဆရာဝန်များကို  မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးလိုမှု၊ ဘာသာစကားသင်ယူမှု၊ ပြန်ကြားရေးကဏ္ဍ  တိုးမြှင့်စေလိုမှုတို့နှင့်  ပတ်သက်၍  ဆောင်ရွက်လိုသည်များကိုလည်း အကျဉ်းချုပ်သောစကားဖြင့်  ဆိုသည်။ အကျဉ်းချုပ်စကားဆိုသော်ငြား မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်အတွက်မူ  ကျယ်ပြောလှသည့်  ဆောင်ရွက်မှုများပင်ဖြစ်သည်။


မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ကာကွယ်ရေးနယ်ပယ်၊ နည်းပညာဆိုင်ရာနယ်ပယ်များတွင်  ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသည်။   မြန်မာ့တပ်မတော်အတွက် (ကြည်း၊ ရေ၊ လေ) နယ်ပယ်စုံ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းဖြစ်၍ အချိန်အတန်အသင့်တော့ ကြာသည်။ ခေတ်မီမျိုးချစ် တပ်မတော်ဟု  မြန်မာ့တပ်မတော်ကို ညွှန်းလေ့ရှိသည်။ အမျိုးချစ်သည့် စိတ်ကမူ တပ်မတော်၏ရှိရင်းစွဲ။ အတန် ငယ်မျှဖြည့်စွက်ရန် ကျန်နေသည်က ခေတ်မီဟူသော စကားလုံးအတွက်သာ။ ယခုထိုစကားလုံး အတွက် တစ်လှမ်းမကသော ခြေလှမ်းများကို လှမ်းနေသည်။ ရှေ့သို့ချီနေသည်။ ဤခရီးနီးသလား ဆိုလျှင် နီးသည်ဟု ဝံ့ဝံ့ကြွားကြွားဆိုနိုင်မည့် အနေအထားပင်ဖြစ်သည်။


အနာဂတ်မြန်မာနိုင်ငံတော်အတွက်  ရည်မှန်းချက်၊ မျှော်မှန်းချက်များ ရှင်းပြ


နိုင်ငံ့အကြီးအကဲ၏ ပြန်လည်ဆွေးနွေးမှုသည်လည်း တက်တက်ကြွကြွရှိလှသည်။  လက်ရှိတာဝန်ယူထားသည့်ကာလတွင်  မကြာတော့သည့် ကာလမှသည်  အနာဂတ်မြန်မာနိုင်ငံတော်အတွက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ လုပ်ဆောင်နေမှုများကို ရှင်းပြသည်။ အဓိကအကျဆုံးသောအချက်အဖြစ် ဆိုစကားတွင် အလေးအနက်ထား မှတ်သားသင့်သည့် အချက်များပါသည်။ အဓိကတာဝန်ထမ်းဆောင်နေမှုမှာ နိုင်ငံတော်  တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးဟု ဆိုသည်။ ဆက်စပ် ချိတ်ဆက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး လုပ်ဆောင်နေမှု အခြေအနေ၊ အကြမ်းဖက်သမားများ၏  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိရန်  ဆောင်ရွက်နေမှု စသည်တို့ကိုလည်း အကျယ်တဝင့် ဆွေးနွေးသည်။


ဒီမိုကရေစီနှင့်ဖယ်ဒရယ်ကို အခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်မည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်။ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ဒီမိုကရေစီလမ်းကြောင်းကို သွားမည်။ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ ဖိအား ကင်းစင်သည့် ရွေးကောက်ပွဲကိုဖြစ်အောင် ဆောင်ရွက်မည်ဟူသော ဆွေးနွေးချက်များတွင်   အကြီးအကဲ၏ တည်ကြည်သောစိတ်ဆန္ဒ၊  စွဲမြဲသော သန္နိဋ္ဌာန်စိတ်၊ တိုင်းပြည်အပေါ် ထားရှိသော စေတနာတို့ကို မြင်ရသည်။ ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ်များအလိုက် ပြန်လည်ဆွေးနွေးချက်များတွင်လည်း  မြန်မာ့အမျိုးသားအကျိုးစီးပွားကို  ဦးတည်သည့်  ဆွေးနွေးချက်များသာ။ ချစ်ကြည်ရင်းစွဲဖြစ်သည့် ဆက်ဆံရေးကို အရင်းတည်သည်မို့ နှစ်ဖက်ကျေနပ်ဖွယ်ရာ အကြောင်းအရာများကို အပြည့်အဝ ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။


အကြီးအကဲ၏ ဆက်လက်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကို အခြေခံလုပ်ကိုင် လျက်ရှိသည့်  ၇၀ ရာခိုင်နှုန်းမျှရှိသော ပြည်သူလူထုကို ဦးတည်သည်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များအပေါ် ပူးပေါင်းဆောင်ရွက်ပေးသင့်သည့်  ကိစ္စရပ်များကို ဆွေးနွေးခြင်းအတွက်ပင် အချိန်မနည်းလှ။ တောင်သူလယ်သမားဦးကြီးများ သာမက  စိုက်ပျိုး၊  မွေးမြူရေးနှင့် ဆက်စပ်သည့်  စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း ပါသည်။ ဆက်စပ်သည့် စက်သုံးဆီကိစ္စလည်း ပါသည်။ စက်သုံးဆီကိစ္စဆွေးနွေးမှု၏ ဘောင်ကမူ  ဆက်စပ်ဆွေးနွေးနေသည့် တောင်သူဦးကြီးများအတွက် သာမက တစ်နိုင်ငံလုံးအတွက်ဟူသော ကျယ်ပြန့်သည့် နယ်ပယ်အဆင့်ကို ပြောင်းသည်။ မြန်မာနိုင်ငံ၏ တစ်နှစ်စက်သုံးဆီသုံးစွဲ ကုန်ကျမှုကို စာရင်းဇယားနှင့်တကွ စကားဆိုချိန်မှာ အချက်အလက်ကို နှုတ်တတ် ဆောင်ထားနိုင်သည်အထိ မှတ်သားထားမှုကို မြင်ရသည်။ မြန်မာနိုင်ငံသားများအတွက်  သူပေးလို သော စေတနာ၊ ရစေလိုသော စိတ်ဆန္ဒကို အဝေးမှပင်မြင်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။


မြန်မာနိုင်ငံအတွက် ရရှိလာမည့် အကျိုးကျေးဇူး စေ့စေ့စပ်စပ်  သုံးသပ်ခဲ့


လက်ရှိ  ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှု၊  မြန်မာနိုင်ငံအတွက် ရတနာဆိုက်လာမည့် သဘာဝဓာတ်ငွေ့ သိုက်များအခြေအနေ၊ ရုရှားနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရန်၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ သံမဏိအပါအဝင် သဘာဝ တွင်းထွက်ပစ္စည်းများကို ကုန်ကြမ်းအဆင့် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချောစနစ်ဖြင့် ထုတ်လုပ်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းချက်များကိုလည်း ဆွေးနွေးသည်။ ကုန်ကြမ်းအဆင့် ထုတ်လုပ်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုး၊  အပြစ်နှင့် ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ရရှိလာမည့် အကျိုးကျေးဇူးတို့ကို စေ့စေ့စပ်စပ်  သုံးသပ်ခဲ့ကြောင်း ဤဆွေးနွေးချက်တွင် အဖြေပေါ်သည်။ တိုးတက်ရရှိလာမည့် နိုင်ငံ့ဘဏ္ဍာ၊ အမြောက်အမြားရရှိလာမည့် အလုပ်အကိုင် အခွင့်အလမ်း၊ အကျိုးဖြစ်ထွန်းလာမည့်  နည်းပညာတိုးတက်မှုတို့ အပါအဝင် နယ်ပယ်ပေါင်းစုံအတွက် လေ့လာဆန်းစစ်ချက်ကို ဆွေးနွေးမှုတွင် အထင်းသားမြင်နိုင်သည်။


ကျေးရွာမှသည်မြို့ပြ၊  မြို့ပြမှသည် ဒေသ၊ ၎င်းမှသည် နိုင်ငံအဆင့်ထိ ဖွံ့ဖြိုးတိုးတက်စေမှုတွင်  လျှပ်စစ်ကဏ္ဍသည်လည်း  အဓိကကျသော  အခန်းကဏ္ဍမှ ပါဝင်နေသည်။  ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်သစ်ဆီ ဟူသော ဆောင်ပုဒ်အတွက်လည်း လျှပ်စစ်သည် မဖြစ်မနေရှိရသည်။ ထို့အတွက်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဟုခေါ်သည့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအတွက် ပြုစုထားသည့် အချက်အလက်များအရ အောင်မြင်စွာ   ဆောင်ရွက်နိုင်မှု၊ လာရောက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုကိုလည်း မမေ့မလျော့  ထည့်သွင်းဆွေးနွေးသည်။ ဟိုဘက်ကမ်းက မီးထိန်ထိန်ဆိုသည့် အချိန်တွင် ဒီဘက်ကမ်းမှာလည်း မီးထိန် စေရမည်ဟု  အကြီးအကဲက  ခံယူထားသည်။


တစ်ခုသောကာလတွင် လူများအနေဖြင့် နျူကလီးယားဟူသည် လူများအတွက် အန္တရာယ်ရှိနိုင်သည်ဟူသော အတွေးဖြင့်  နေထိုင်ခဲ့ဖူးသည်။ ၎င်းအတွေးအခေါ်ကို   စစ်ပြီးကာလအချိန် အတိုင်းအတာတစ်ခုအထိ လက်ခံယုံကြည်ခဲ့ကြသော်ငြား ရွေ့လျားလာ သောအချိန်၊ ပြောင်းလဲလာသော နည်းပညာတို့ဖြင့် နျူကလီးယားကို အကျိုးမဲ့စေသည်ဟူသော   အမြင်မှ အသုံးချတတ်ပါလျှင် အကျိုးရှိလှသော အရာအဖြစ် ရှုမြင်မှုပြောင်းလဲလာခဲ့သည်။ သို့သော်ငြား မြင့်မားသော နည်းပညာအခြေအနေအရ ပေါပေါလျှံလျှံတော့ မသုံးနိုင်၊  ကမ္ဘာတစ်ဝှမ်းလက်ချိုး ရေနိုင်သည့် ပမာဏမျှလောက်သော နိုင်ငံအချို့သာ သုံးစွဲနိုင်ခဲ့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက် ရုရှားလည်း ပါသည်။


မိတ်ကောင်း ဆွေကောင်းဟူသည့် စကားရပ်နောက်တွင် အပြန်အလှန် အမှီသဟဲပြုခြင်း၊  အပြန်အလှန်  ကူညီခြင်းတို့ပါသည်။  ထို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားဆဲ မြန်မာ နိုင်ငံအနေဖြင့်လည်း နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး အခြားအကျိုးပြုကဏ္ဍများဖြစ်သည့် ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊  သုတေသနကဏ္ဍတို့တွင် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်သင့်သည်ကို အကြီးအကဲက သဘောထား မိသည်။ ထို့အတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးသည်။ အသုံးချမည့်အခြေအနေအတွက် ငြိမ်းချမ်းသည့် နည်းပညာဖြင့် သုံးမည်။ ဤသည်ကပင် မြန်မာနိုင်ငံ၏ ရန်မမူအပြုသဘောဖြင့် တိုးတက်မှုကိုသာ ဆောင်ယူလိုကြောင်း လှစ်ဟပြသသည်။ သဘောတူညီချက်အရ လက်မှတ်ရေးထိုးမှုလည်း ဆောင်ရွက်ပြီးဖြစ်ရာ အကျိုးရလဒ်အား မြန်စွာရရှိနိုင်ရန်အတွက် လာမည့်နှစ်မှ စတင်အကောင်အထည်ဖော်မည်ဟု ဆွေးနွေးသည်။ အကြီးအကဲ၏ မြန်မာနိုင်ငံအား အချိန်တိုအတွင်း  အရှိန်အဟုန်ဖြင့်  တိုးတက်စေလိုမှုဆန္ဒကား ကြီးမားပေစွ။


ပညာရေး၊ ယဉ်ကျေးမှု သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေး စသည့်နယ်ပယ်များ အပါအဝင် ကမ္ဘာလှည့်ခရီးသွားကဏ္ဍအတွက် နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်များ တိုးချဲ့ ပျံသန်းရေး၊ ဗီဇာကိစ္စများအတွက်လည်း အသေးစိတ်ဆွေးနွေးသည်။ ဒေသတွင်း နိုင်ငံများနှင့် ပတ်သက်၍လည်း ရုရှားနိုင်ငံ၏အခန်းကဏ္ဍအပေါ် အပြုသဘောဆောင်၍ ဆွေးနွေးသကဲ့သို့ စီးပွားရေးကဏ္ဍအတွက် ဆောင်ရွက်စေလိုမှုကို  အကြံပြုတိုက်တွန်းသည်။ ဟင်းကောင်းစားရလျှင်  အမျိုးအဆွေကို သတိရသည်ဆိုသည့် စကားပုံကို အသက်ဝင်စေသည့် ဆွေးနွေးအကြံပြုမှုဟု နားလည်မိသည်။


တစ်ယောက်တစ်လက်တွဲ၍  ညီညီညာညာ ချီတက်မည်


ရုရှားနိုင်ငံအကြီးအကဲဘက်မှလည်း ဆွေးနွေးမှုအပေါ် အားတက်သရောဟု ဆိုနိုင်သည်အထိ အပြုသဘောဆောင်သည့် တုံ့ပြန်မှုကိုပြုသည်။ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များသာမက ညှိနှိုင်း ဆွေးနွေးချက်မှ ရရှိလာသည့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလုံးကို  လက်တွေ့အကောင်အထည်ဖော်မည်။ ခိုင်မာစွာယုံကြည်မှုရှိသည်။ လုပ်ငန်းများ  အကောင်အထည်ဖော်ရန်အတွက်  လိုအပ်သည်များကို အစိုးရဘက်မှ  တတ်စွမ်းသရွေ့  ကူညီမည်။ ဆက်လက်ဆွေးနွေးမှုများ လုပ်မည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်း နိုင်ငံများနှင့် ပတ်သက်သည့် အခန်းကဏ္ဍအတွက်လည်း ရုရှားကဆောင်ရွက်ရန် ပြင်ဆင်နေမှုကို  အချက်အလက်၊ အကြောင်းအရာအချို့ကို ကိုးကား၍ ပြန်လည်ဆွေးနွေးသည်။ ထိုက်သင့်သည့် အချိန်ကာလတစ်ခုအထိ အကြီးအကဲနှစ်ဦး၏ ဆွေးနွေးချက်များမှာ အသက်ဝင် လွန်းလှသည်။  စေတနာဆောင်သည့် ဆွေးနွေးမှုများဖြစ်၍ ချောချောမွေ့မွေ့ချည်းသာ တစ်ယောက်တစ်လက်တွဲ၍ ညီညီညာညာချီတက်မည်ဟု သဘောသက်ဝင်သည်။ မိတ်ဆွေရင်းများပီပီ ခရီးစဉ်ချောမွေ့ အောင်မြင်ပါစေကြောင်း  ဆုတောင်းစကားဆို၍ ရုရှားအကြီးအကဲက  စကားကို  အဆုံးသတ်သည်။


နှစ်နိုင်ငံအကြီးအကဲနှစ်ဦး၏ ဆွေးနွေးမှုက သာမန်တွေ့ဆုံချိန်ထက် ပိုများလှသည့် ဆွေးနွေးမှုဟုဆိုနိုင်ပြီး ကျယ်ပြန့်လှသည့် ဆွေးနွေးမှုဟု ဆိုနိုင်သည်။ ဆွေးနွေးမှုသည်  နှစ်နိုင်ငံ၏ချစ်ကြည် ရင်းနှီးမှုကိုအရင်းတည်၍ တိုးတက်ခြင်းဟူသော  အပြုသဘောကိုဆောင်သည့် ဘက်သို့လှမ်းသည်။ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံအတွက် ရလိုက်သည့်ရလဒ်က မနည်းလှ။


အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်နှင့်တွေ့ဆုံဆွေးနွေးမှုများသည် အမိမြန်မာပြည်အတွက် သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ရေးအစရှိသည့် နယ်ပယ်ပေါင်းစုံအတွက် ရလဒ်ကောင်းများကို ရယူဆောင်ကြဉ်းပေးသည့် ခရီးစဉ်ဖြစ်ပါသည်။ မြန်မာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်သည် “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်  စကားရပ်အား ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်စေခြင်း ဖြစ်ပါသည်ဟု မြန်မာ၏ လင်းလက်သော အနာဂတ်အတွက် မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရေးသားဖော်ပြလိုက်ရ ပါသည်။    ။


ဝဏ္ဏ(TGI)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)