ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် သဘာဝဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် သဘာဝဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်




MNP - စက်တင်ဘာ   ၃


မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမ ကျေးရွာအနီး၊ သံလွင်မြစ်ကမ်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြက်ခြေနီနှင့် လူမှု ကယ်ဆယ်ရေးအဖွဲ့များ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သတိပေးနှိုးဆော်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ပြည်သူများနှင့် အရေးကြီးပစ္စည်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ဦးစားပေးအဆင့်အလိုက် ဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်နေသည့်အခါတွင် လုံခြုံစိတ်ချရသည့်နေရာတွင် ရွှေ့ပြောင်းထားသော ပြည်သူများအား ဖေးမနှစ်သိမ့်မှု ပြုလုပ်ခြင်း၊ မုန်တိုင်းဘေးတုံ့ပြန်ဆောင် ရွက်ရန်အတွက် ယာယီကွပ်ကဲရေးမှူးရုံးခန်း ဖွင့်လှစ်ခြင်း၊ မုန်တိုင်းဖြတ်သန်းသွားအပြီး မုန်တိုင်းကြောင့် အန္တရာယ်ကျရောက်နေသော ပြည်သူများအား ရှာဖွေကယ်ဆယ်ခြင်း၊ မုန်တိုင်းကြောင့် လှေမှောက်ခြင်းကမ်းပြိုခြင်းဖြစ်ပေါ်ပြီး မျှောပါနေသော ရေဘေးဒုက္ခသည် များအား ကယ်ဆယ်ခြင်း၊ လေဘေးကြောင့် အဆောက်အဦတွင် ပိနေသော သစ်ပင်အားဖယ်ရှားခြင်း၊ အဆောက်အဦအတွင်း ပိတ်မိနေသော ဘေးဒုက္ခရောက်နေသူများ ကယ်ထုတ်ခြင်း၊ မြေပြိုမှုကြောင့် နေအိမ်ပေါ်သို့ ပိနေသော မြေများအား ရှင်းလင်း ဖယ်ရှားခြင်းနှင့်  ရှာဖွေကယ်ထုတ်ခြင်းများကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ Chainsaw တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့် ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့ ဝင်တို့မှ  ကယ်ဆယ်ရေးပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအားကြည့်ရှု အားပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်မှန်းဆ၍ မရနိုင်ဘဲ အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေး အဖွဲ့ အစည်းများအနေဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို အမြဲမပြတ် ကြိုတင် ပြင်ဆင် စီမံထားရှိကြရန် လိုအပ်ကြောင်း၊ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးလုပ်ငန်းစဉ်များအား အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်သလို  ဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းများကို အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)