ပွင့်ဖြူမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးနည်းစနစ်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး တောင်သူပညာပေးသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးနည်းစနစ်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး တောင်သူပညာပေးသင်တန်းဖွင့်လှစ်ပို့ချ



MNP - စက်တင်ဘာ   ၂၄


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ဝါသီးနှံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ တောင်သူပညာပေးသင်တန်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်လှစ်ရာတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်သင်ကြားပေးမည့် ဝါသီးနှံစိုက်ပျိုးနည်းစနစ်များနှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။  ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်က သင်တန်းတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် သင်တန်းမှရရှိစေမည့်အကျိုး ကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေနှင့် (မြေ၊ မျိုး၊ ပိုး ) တာဝန်ခံဝန်ထမ်းများက တက်ရောက်လာသည့် ဒေသခံတောင်သူများကို ဝါသီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်းတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်စိုက်ပျိုးရေး နည်းစနစ်များ၊ မြေဆီလွှာတိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဝါသီးနှံတွင် ကျရောက်တတ်သော သီးနှံဖျက်ပိုးများအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းစနစ်များ၊ ပိုးမွှားကင်းထောက်မှတ်တမ်းယူခြင်း နည်းပညာများ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နည်းစနစ်များ စသည့် ဝါသီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို Power Point  ဖြင့် စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြသည်။


အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ဝါသီးနှံစိုက်ပျိုးမည့်ကျေးရွာအုပ်စု (၆)အုပ်စုမှ ဒေသခံတောင်သူ ၆၁ ဦးနှင့် ဝန်ထမ်း ၄၀ ဦးတို့ တက်ရောက်သင်ကြားခဲ့ကြောင်းသိရပြီး သင်တန်းအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဝါသီးနှံစိုက်ဧက ၂၄၄၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် ဝါသီးနှံမျိုးများမှာ ရွှေတောင် - ၈၊ ရွှေတောင် - ၁၀၊ ငွေချည် - ၉၊ ငွေချည် - ၁၁၊ ရာကာ စသည့် ချည်မျှင်ရှည်ဝါ သီးနှံများကို စိုက်ပျိုးကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံက သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)