မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေး ဖော်စပ်ခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေး ဖော်စပ်ခြင်းသင်တန်းဖွင့်လှစ်





MNP ၊ စက်တင်ဘာ ၆

ဓာတ်မြေဩဇာများကို ရေရှည်အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း သဘာဝမြေဆွေးများဆုံးရှုံးခြင်း၊ မြေချဉ်၊ ငံကိန်းများ ပြောင်းလဲလာခြင်းနှင့် အကျိုးပြုအနုဇီဝများ နည်းပါးလာခြင်းတို့ကို ကာကွယ်နိုင်ရန်နှင့် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းနှင့် အင်ဇိုင်းအသီးအပွင့်အားဆေးဖော်စပ်ခြင်း သင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲကျေးရွာ၊ တောင်သူဦးဝင်းမြင့်၏ စိုက်ခင်း၌ ကျင်းပရာ ဒေသခံတောင်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ဒေသခံတောင်သူများ၏ ကျေးလက်လူနေမှုဘဝများ မြင့်မားတိုးတက်လာစေရန် ရည်ရွည်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ တိုးတက်လာရေးကို အထောက်အကူဖြစ်စေမည့် မျိုးကောင်းမျိုးသန့် များဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာများဖြန့်ဝေပေးခြင်း၊ သွင်းအားစုများ ဖြည့်ဆည်းပေးခြင်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေလျက်ရှိကြောင်း၊ တောင်သူထွက်ကုန်များတိုးတက်ရေး၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အားပေးပံ့ပိုးပေးနေလျက်ရှိပါကြောင်း၊ တောင်သူစီပွားဖွံ့ဖြိုးတိုးတက်စေရေးကဏ္ဍတွင် အထွက်နှုန်း တိုးတက်စေရေး အဓိကသွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာသုံးစွဲမှုများကို လျော့ချကာ ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်စေရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက် ပြီးတဲ့တောင်သူများအနေဖြင့်လည်း လက်တွေ့အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူကာ အခြားတောင်သူများကိုလည်း ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန် က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သင်တန်းတွင် သင်ကြားပြသပေးသွားမည့် အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအားတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သဘာဝမြေဩဇာပြုလုပ်နေမှုနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဇော်မင်းလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)