MNP - စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရေပုန်းနယ်မြေ၊ စပါးရွှေဝါလမ်းရှိ မြိတ်ပြည့်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေကြသော လူနာများ သွေးသွင်းရန်လိုအပ်သည့် ဝေဒနာရှင်များ အထောက်အကူဖြစ်စေရန်နှင့် အဆင်ပြေစေရန်အတွက် ရဲတပ် ဖွဲ့ဝင် (၂၁) ဦးတို့မှ စုပေါင်းလှူဒါန်းပေးခဲ့ကြသည်။ တပ်ဖွဲ့ဝင်များ သွေးလှူဒါန်းနေမှုအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက်နှင့် တာဝန်ရှိသူများက အားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စွက်စာများ၊ ကြက်ဥ (၁၀) လုံးစီနှင့် Fe Plus အားဆေးများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မိုးသက် ဦးဆောင်၍ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃၅)မူးယစ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ အမှတ် (၇၆) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့နှင့် တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဟေမာန်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment