ဧကဝင်ရိုးကမ္ဘာကြီးမှသည် ဗဟုဝင်ရိုး ကမ္ဘာကြီးဆီသို့ ကူးပြောင်းနိုင်စေမယ့် ကမ္ဘာ့ခေါင်းဆောင် နှစ်ဦးရဲ့တွေ့ဆုံမှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧကဝင်ရိုးကမ္ဘာကြီးမှသည် ဗဟုဝင်ရိုး ကမ္ဘာကြီးဆီသို့ ကူးပြောင်းနိုင်စေမယ့် ကမ္ဘာ့ခေါင်းဆောင် နှစ်ဦးရဲ့တွေ့ဆုံမှု


ထက်မြတ် - ရေးသားသည်။

ကျွန်တော်တို့ကမ္ဘာကြီးဟာ လှပဆန်းကြယ်မှုတွေနဲ့အတူ သိပ်ကိုချစ်ဖို့ကောင်းသလို နေချင်စဖွယ်ဂြိုဟ်ကြီး တစ်လုံးလည်း ဖြစ်ပါတယ်။ ကမ္ဘာဆိုတဲ့ဂြိုဟ်ကြီးက ဘယ်သူတွေနဲ့ သက်ဆိုင်သလဲလို့မေးရင် ဒီကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောရပါလိမ့်မယ်။


ဒါဟာ တကယ့်လက်တွေ့ အမှန်တရားပါ။ဒါပေမဲ့လည်း တစ်ကမ္ဘာလုံးကို သူတို့ရဲ့လက်ခုပ်ထဲကရေလို သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်ချင်လိုကြတဲ့ နိုင်ငံကြီးတချို့လည်း ရှိပါသေးတယ်။ အထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ အနောက်ကမ္ဘာခြမ်းမှ အင်အားစုတချို့ဖြစ်ပါတယ်။


ဒီနေရာမှာ အမေရိကန်က ဦးဆောင်တာ ဖြစ်တဲ့အတွက် အမေရိကန်ကိုသာ ဦးတည်ပြီးတော့ ပြောရမှာပါ။ အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်တဲ့ အခြေအနေရှိတာ မှန်ပါတယ်။


သို့သော်လည်း သူ့ရဲ့လွှမ်းမိုးမှုက ကမ္ဘာသူ ကမ္ဘာသားများ အားလုံးရဲ့အကျိုးအတွက် မဟုတ်ပါဘူး။ သူ့တစ်နိုင်ငံတည်းရဲ့ အကျိုးအတွက်သာဖြစ်ပါတယ်။


ဥပမာအားဖြင့်ပြောရရင် အမေရိကန်နိုင်ငံမှာ  ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားကတည်းက စစ်ပွဲဖြစ်ပွားတယ်ဆိုတာ စာချစ်သူများ ကြားဖူးပါသလား။ ကျွန်တော်လည်း မကြားဖူးပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲမဖြစ်ပွားခဲ့လို့ပါ။


ဒါပေမဲ့ အမေရိကန်ရဲ့စနက်ကြောင့် တစ်ကမ္ဘာလုံးနီးပါးမှာ  စစ်မီးတွေတောက်လောင် နေရတယ်လို့ပြောရင် ကျွန်တော် လွန်မယ်မထင်ပါဘူး။


ဒီလိုမျိုးတွေဖြစ်နေရတာက ကျွန်တော်တို့ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံးရဲ့ အသက်ရှင်သန် ရပ်တည်မှုဟာ အမေရိကန် နိုင်ငံပေါ်မှာသာ မူတည်နေရတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေပါတယ်။


ကျွန်တော်တို့နေ့စဉ်ဘဝမှာ အသုံးပြုနေရတဲ့ လူသုံးကုန် ပစ္စည်းတွေ ရှိပါတယ်။ ဒီလူသုံးကုန် ပစ္စည်းတွေကို ပြည်တွင်းကနေ ထုတ်လုပ်တာရှိသလို ပြည်ပကနေ တင်သွင်းရတာမျိုးတွေလည်း ရှိပါတယ်။


ပြည်ပကနေဝယ်ယူ တင်သွင်းရတဲ့အခါ ငွေကြေးအတွက် အမေရိကန်ဒေါ်လာကိုသာ အဓိကအားထားပြီး အသုံးပြုရပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ္ဘာကြီးက ဧကဝင်ရိုးအပေါ် မူတည်နေရတာကိုး။


တကယ်လို့များ အမေရိကန်နိုင်ငံက သူ့စိတ်အလိုမကျတဲ့ နိုင်ငံတစ်နိုင်ငံကိုသာ သူတို့ရဲ့ ဒေါ်လာငွေကြေးတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ရင် အဲဒီနိုင်ငံရဲ့ လည်ပတ်မှု မှန်သမျှအားလုံးနီးပါး ရပ်တန့်သွားရပါလိမ့်မယ်။ တစ်နည်းပြောရရင် ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရတာပေါ့။


ဒီလိုအဖြစ်ဆိုးတွေနဲ့  ရင်ဆိုင်လာရအောင် လုပ်ဆောင်ထားသူကတော့ အမေရိကန်နိုင်ငံပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အခုတင်ပြသွားတာက ဥပမာတစ်ခုတည်းသာ ရှိပါသေးတယ်။


ဒါကြောင့် ဧကဝင်ရိုးဆိုတဲ့ ဝင်ရိုးတစ်ခုတည်း အပေါ်မှာ ရပ်တည်နေရတဲ့ ကျွန်တော်တို့ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ဘဝဟာ ဝင်ရိုးအဖြစ်တည်ရှိနေတဲ့ အမေရိကန်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရတာကို အတိုင်းသား မြင်တွေ့ခဲ့ရပြီးဖြစ်သလို လက်ရှိမှာလည်း ဒီလိုမှီခိုခြင်းရဲ့ အကျိုးကျေးဇူးကို ရင်ဆိုင်ခံစားနေရပါတယ်။


ဒါဆိုရင် ဧကဝင်ရိုးဆိုတဲ့ ဝင်ရိုးတစ်ခုတည်းအပေါ် ရပ်တည်နေမှုက ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ကောင်းခြင်းကို ပိုမိုဖြစ်ထွန်းစေသလား၊ ဆိုးခြင်းကိုပိုမိုဖြစ်ထွန်းစေသလားဆိုတာ စာချစ်သူများ ကိုယ်တိုင် ဝေဖန်ပိုင်းခြား နိုင်မယ်ထင်ပါတယ်။


ဒီလိုဧကဝင်ရိုးကနေ လွတ်မြောက်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာကတော့ ဗဟုဝင်ရိုးလို့ခေါ်တဲ့ ဝင်ရိုးအများအပြား အပေါ် ရပ်တည်မှုစနစ်ဆီကို ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။


ဧကဝင်ရိုးဆိုတာ  တစ်နိုင်ငံတည်း ကောင်းစားရေး အတွက်ဖြစ်ပေမယ့် ဗဟုဝင်ရိုး ဆိုတာကတော့ နိုင်ငံအားလုံး တန်းတူညီမျှ ချမ်းသာကြွယ်ဝရေးနဲ့  တည်ငြိမ်အေးချမ်းရေး ပိုမိုဖြစ်ထွန်းစေဖို့ကို ဦးတည်ပါတယ်။


ဗဟုဝင်ရိုးဆီ ဦးတည်လျှောက်လှမ်းရာမှာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သူနှစ်ဦးရှိပါတယ်။ သူတို့ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ပါပဲ။


ပူတင်နဲ့ရှီကျင့်ဖျင်တို့ဟာ အခုသီတင်းပတ်အတွင်း  ဥဇဘက်ကစ္စတန်နိုင်ငံမှာ လုပ်ဆောင်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးညီလာခံမှာ ဘေးပန်းတွေ့ဆုံဖို့ရှိပါတယ်။


ရှီကျင့်ဖျင်ရဲ့အခုလိုပြည်ပ ခရီးစဉ်ဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး ခရီးစဉ်ဖြစ်သလို ဒီခရီးစဉ်မှာတွေ့ဆုံမယ့် ပုဂ္ဂိုလ်ကလည်း ရုရှားသမ္မတဖြစ်နေတာက ဗဟုဝင်ရိုးဆီ ကူးပြောင်းမယ့် လုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။


ရုရှားနဲ့တရုတ်နိုင်ငံဆိုတာ ရှေးအစဉ်အဆက် ကတည်းက ချစ်ကြည်ရင်းနှီးမှု ခိုင်မာပြီးသားဖြစ်တဲ့ နှစ်နိုင်ငံဖြစ်သလို လက်ရှိကမ္ဘာ့ ဦးဆောင်နေရာတွေကို ရယူထားနိုင်တဲ့ နိုင်ငံများလည်းဖြစ်ပါတယ်။


သူတို့နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနောက်အုပ်စုမပါ ကျန်ရှိတဲ့ကမ္ဘာ့နိုင်ငံများ အားလုံးအတွက်  စံနမူနာပြ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။


ဥပမာအားဖြင့် ဗဟုဝင်ရိုးဆီ ကူးပြောင်းမှုအတွက် အဓိကအချက်ဖြစ်တဲ့ ကမ္ဘာ့စီးပွားရေး ဈေးကွက်မှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချဖယ်ရှားရေးအတွက် ဆောင်ရွက်ရာမှာ သူတို့နှစ်နိုင်ငံက သူတို့နိုင်ငံသုံး ငွေကြေးအသီးသီးနဲ့ အသုံးပြုဖို့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။


ဖြစ်စဉ်ဖြစ်ရပ်တစ်ခုကို ထုတ်ပြရရင် လက်ရှိအချိန်မှာ တရုတ်က ရုရှားနိုင်ငံက ရောင်းချတဲ့ရေနံပမာဏ အများအပြားကို ဝယ်ယူတဲ့နေရာမှာ ရုရှားနိုင်ငံ သုံးရူဘယ် ငွေကြေးတစ်ဝက်၊ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေး တစ်ဝက်နဲ့    ဝယ်ယူဖို့ ဘောတူထားပြီးပါပြီ။  ဒါဟာ ဗဟုဝင်ရိုးဆီ ကူးပြောင်းမှုအတွက်  ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။


သူတို့နှစ်ဦးရဲ့  တွေ့ဆုံမှုကိုလေ့လာကြည့်ရင်   ရှီကျင့်ဖျင်ဟာ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ ၂၀၁၃ ခုနှစ် ကနေ  လာမယ့်တွေ့ဆုံမှုမတိုင်မီ အထိ ပူတင်နဲ့တွေ့ဆုံမှု အကြိမ်ပေါင်း ၃၈ ကြိမ် အထိရှိတာကို အံ့အားသင့်ဖွယ်ရာ တွေ့ရပါတယ်။


သူတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့တာက ဒီနှစ်ဖေဖော်ဝါရီလမှာ လုပ်တဲ့ ပေကျင်းဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်မှာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာတော့ ရှီကျင့်ဖျင်နဲ့ပူတင်တို့က သူတို့နှစ်နိုင်ငံကြား အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။


အမေရိကန်ဟာ ဥရောပဒေသကို လွှမ်းမိုးနိုင်ရေးအတွက် ရုရှားကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းသလို အာရှဒေသကိုလွှမ်းမိုး နိုင်ရေးအတွက် တရုတ်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာချိန်မှာ ရုရှားနဲ့တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာဆိုရင် အမေရိကန်ကို အထိနာသွားစေပါလိမ့်မယ်။


လက်ရှိမှာဆိုရင် အမေရိကန်က ဥရောပနဲ့ ယူကရိန်းကိုကြားခံပြီး ရုရှားအပေါ် ဘက်စုံစစ်ပွဲအသွင်နဲ့ စစ်ဆင်နွှဲနေတာကို မြင်ရပါတယ်။


ရုရှားကလည်း သူ့ရဲ့အင်အားတောင့်တင်း ခိုင်မာဖို့အတွက် အင်အားတည်ဆောက်ရာမှာ တရုတ်နိုင်ငံအပြင် အာရှဒေသမှာရှိတဲ့ နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက် လာတာကို မြင်တွေ့ရပါတယ်။


ဒါကြောင့်  အခုလိုမျိုးကမ္ဘာကြီးကို ဗဟုဝင်ရိုးနဲ့ လည်ပတ်စေဖို့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကမ္ဘာ့ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုက အင်မတန်မှ အရေးကြီးတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။


သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ ထွက်ပေါ်လာမယ့်ရလဒ်က  ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကောင်းဆုံးတွေသာ ဖြစ်လာပါလိမ့်မယ်။


အခုဆိုရင် အနောက်အုပ်စုဟာ ပြိုကျလာနေပြီး ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ အာရှဒေသ လက်ထဲကိုရောက်လာပါပြီလို့ ပူတင်က မကြာသေးခင်ကမှ လုပ်ဆောင်ပြီးသွားတဲ့ အရှေ့ဖျားစီးပွားရေး ဖိုရမ်မှာ ပြောခဲ့ပါသေးတယ်။


ပိုပြီးထူးခြားတာက ယခုလ ၇ ရက်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ မြို့မှာကျင်းပသွားတဲ့  အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)မှာပြောဆိုသွားတဲ့ သမ္မတ ပူတင်ရဲ့သတင်းစကားပါပဲ။


သမ္မတပူတင်အနေနဲ့  အဲဒီမှာအဓိကထား ပြောသွားတာကို     ပြန်ကြည့်ရင် အနောက်နိုင်ငံတွေအနေနဲ့ ကိုလိုနီခေတ် အတွေးအခေါ်ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်ကျစိုးမိုးလိုမှုတွေ အကြောင်းနဲ့ ဒါတွေကို တိုက်ဖျက်နိုင်ဖို့ ရုရှားနိုင်ငံနဲ့မဟာမိတ်များက ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားကြမယ် ဆိုတာတွေကို အသေးစိတ် သုံးသပ်သွားတာ တွေ့ရမှာပါ။


ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့တဲ့အခါမှာ ပထမဆုံးစပြောတဲ့ စကားက မြန်မာဟာ အရှေ့တောင်အာရှမှာ ရုရှားရဲ့ ယုံကြည်စိတ်ချရဆုံး မဟာမိတ်လို့ ထုတ်ဖော်ပြောလိုက်ခြင်းပါပဲ။


အဲဒီနောက် ကဏ္ဍပေါင်းစုံ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့  ထဲထဲဝင်ဝင် ဆောင်ရွက်ဖို့ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ရုရှားနိုင်ငံအနေနဲ့  မြန်မာနိုင်ငံကို ဗဟိုပြုပြီး အရှေ့တောင်အာရှဒေသမှာ  ဆက်ဆံဆက်သွယ်ရေး တိုးမြှင့်တော့မယ်လို့ အချက်ပြလိုက်တာပါပဲ။


တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာသည်ထက် ခိုင်မာအားကောင်းအောင် တိုးမြှင့်ပြီး  ဗဟုဝင်ရိုးဆီ ပြောင်းလဲရေး အတွက် တခြားကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တရုတ်ပညာရှင်များက ပြောထားတာကို တွေ့ရပါတယ်။


ဒီတော့ မကြာခင်တွေ့ဆုံမယ့် ပူတင်နဲ့ ရှီကျင့်ဖျင်တို့ရဲ့တွေ့ဆုံမှုကနေ ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကို သုံးသပ်ရရင် ပထမဆုံး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးတက်လာပါလိမ့်မယ်။


လက်ရှိမှာကိုပဲ ဒီနှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုက ၃၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရပါတယ်။ မကြာသေးခင်ကပြီးဆုံးသွားတဲ့ အရှေ့ဖျားစီးပွားရေး ဖိုရမ်မှာ နှစ်နိုင်ငံကြား သဘောတူစာချုပ်ပေါင်း ၇၉ ခုအထိချုပ်ဆိုနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာနဲ့ကြည့်ရင် ဘီလီယံ ၁၆၀ အထိရှိပါတယ်။


စီးပွားရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သို့မဟုတ် ဗြိတိန်ပေါင် အသုံးပြုမှုကို ဖယ်ရှားသွားနိုင်ပါလိမ့်မယ်။ လက်ရှိ စွမ်းအင် ရောင်းဝယ်မှုမှာ ယွမ်ငွေတစ်ဝက်၊ ရူဘယ်ငွေတစ်ဝက်နဲ့ လုပ်ဆောင်နေပါပြီ။


စစ်ရေးပူးပေါင်း ဆောင်ရွက်မှု တိုးတက်လာပါလိမ့်မယ်။ မကြာသေးခင်ကပဲ ရုရှားနိုင်ငံမှာ နိုင်ငံစုံ စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ရာ တရုတ်နိုင်ငံက ပထမဆုံး အနေနဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေအားလုံး ပါဝင်ပူးပေါင်း ထားတာကိုတွေ့ရပါတယ်။


သူတို့နှစ်ဦးတွေ့ဆုံမှုဟာ ဗဟုဝင်ရိုးဆီကို ဦးတည်သွားတာဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ အမေရိကန်နိုင်ငံကို ထည့်တွက်မှု လျော့ကျသွားပါလိမ့်မယ်။


အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ  နိုင်ငံတကာ ဆက်ဆံရေးမှာ စည်းကမ်းမရှိပါဘူး။ ဧကဝင်ရိုးဖြစ်စဉ်အခါတုန်းက ကမ္ဘာသူ ကမ္ဘာသားများရဲ့ရပ်တည်ရှင်သန်မှုဟာ သူတို့အပေါ်မှာ မူတည်နေတဲ့အတွက် တခြားနိုင်ငံတွေဟာ သူတို့နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်စဉ်တွေမှာ အနောက်အုပ်စုရဲ့ ဝင်ရောက်စွက်ဖက်မှုကို သည်းခံခဲ့ရပါတယ်။ အခုတော့ ကမ္ဘာကြီးဟာ  ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ဗဟုဝင်ရိုးဆီကို တဖြည်းဖြည်း ကူးပြောင်း လာနေပါပြီ။


ဗဟုဝင်ရိုးဆီကို ကူးပြောင်းသွားပြီးရင် အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှုလျော့ကျသွားမှာ ဖြစ်သလို နိုင်ငံအားလုံးကလည်း တန်းတူညီမျှမှု ရှိရှိနဲ့ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပြီး အချုပ်အခြာအာဏာကို ပိုမိုပိုင်နိုင်စွာ ကျင့်သုံးလာနိုင်မှာဖြစ်ပါတယ်။


ဒါကြောင့်  မကြာမီလုပ်ဆောင်မယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့တွေ့ဆုံမှုဟာ  ကမ္ဘာကြီးကိုဧကဝင်ရိုးကနေ  ဗဟုဝင်ရိုးဆီ ပြောင်းလဲနိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လာမယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ သုံးသပ်တင်ပြလိုတာက ယနေ့ကမ္ဘာမှာ ခေတ်တွေ၊ စနစ်တွ ေပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပါပြီ။


ပြောင်းလဲမယ့်ပုံစံက ဧကဝင်ရိုးမှသည် ဗဟုဝင်ရိုးဆီသို့ဖြစ်ပါတယ်။


ဒီနေရာမှာ မြန်မာ့ခေါင်းဆောင်ရဲ့မဟာဗျူဟာအမြင်ကြောင့် မြန်မာနိုင်ငံက ဒီလိုပြောင်းလဲမှုမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့် ရခဲ့ပါပြီ။ ဒီလိုပါဝင်ခွင့်ရရှိမှုကနေမှ တစ်ဆင့် ခေတ်၊ စနစ်ပြောင်းလဲမှု လှိုင်းကို ကျကျနနစီးပြီး ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအပေါ်တင်ပေးနိုင်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။  ။     


Ref: Global Times

(ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)