မတူညီမှုများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတူညီမှုများ



၂၀၁၀ ကစလို့ ပေါ်ပေါက်လာတဲ့ အစိုးရ (၃)ရပ် ဦးသိန်းစိန် ဦးဆောင်သော USDP အစိုးရ၊ ဒေါ်စု ဦးဆောင်ဆောင်သော NLD အစိုးရ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရ။

ဒေါ်စုဦးဆောင်သော တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NLD အစိုးရလက်ထက် အကြောင်းကိုတော့ ဒီဆောင်းပါးမှာ အထွေအထူး ဋီကာချဲ့ပြီး ရေးသားပြဆိုမှာ မဟုတ်ပါဘူး။ 

ကျွန်တော် ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာလောကထဲကို တိုးဝင်ခဲ့ပါတယ်။ ၂၀၁၀ မှာပဲ မီဒီယာလွတ်လပ်ခွင့်တွေ ပေးလာလို့ ဂျာနယ်တွေပလူပျံအောင် ထွက်လာတဲ့အချိန်မှာ ကလောင်သွေးပြီး ဆောင်းပါးလေးတွေ ရေးရင်းက မီဒီယာလောထဲက ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ လယ်ယာမြေသိမ်းဆည်းခံရမှုများနဲ့ ပတ်သက်လို့ နိုင်ငံရေးလှုပ်ရှားသူတချို့က ဖော်ထုတ်လာတဲ့အချိန်မှာ ကျွန်တော်လည်း လယ်ယာမြေသိမ်းဆည်းခံရမှုများကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ တောင်သူများအရေးကို အလေးထားဖော်ပြတဲ့ သတင်းသမားတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ကျွန်တော် ရေးသားဖော်ပြသမျှဟာ လယ်ယာမြေသိမ်းဆည်းခံရမှု ဖြစ်စဉ်တွေချည်း ဖြစ်နေလို့ ဂျာနယ်တိုက်ကတောင် ဒီတစ်ခုတည်းကို ဦးစားပေးလို့မရကြောင်း ပြောဆိုလာပါတယ်။ နောက်တော့ ကျွန်တော်ဂျာနယ်တိုက်က ထွက်ခဲ့ပြီး တိုက်ပိုင်မရှိတဲ့ Citizen Journalist အနေနဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကိုပဲ လိုက်ပါဖော်ထုတ်ရေးသားပါတယ်။ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦး တို့နဲ့ အဓိက လက်တွဲဆောင်ရွက်ဖြစ်ခဲ့ပါတယ်။

အဓိက ပြောလိုတာက ကျွန်တော်ရဲ့ ရပ်တည်ရေးသားဖော်ပြချက်တွေ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရ ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တိုက်ပိုင်မရှိတဲ့ Citizen Journalist အနေနဲ့ ရေးသားဖော်ပြတဲ့ အကြောင်းအရာတွေ ပေါ်မှာတောင် အလေးတယူ ဖြေရှင်းဆောင်ရွက်ပေးခဲ့တာမျိုးတွေ ရှိပါတယ်။

ဂျာနယ်တိုက်က အလုပ်ထွက်ခဲ့ပြီးတဲ့အချိန်မှာ ကိုယ့်ရဲ့ facebook စာမျက်နှာဟာ ကိုယ့်ရဲ့သတင်းဌာနပါပဲ။ ကိုယ့်ရဲ့ facebook စာမျက်နှာကနေ ရေးသားဖော်ပြသလို အဲဒီအချိန်တုန်းက သတင်းစုံဖော်ပြတဲ့ thithtoolwin website ကိုလည်း လယ်ယာမြေကိစ္စနဲ့ ပတ်သက်တဲ့ ရေးသားဖော်ထုတ်မှုတွေကို ပေးပို့ခဲ့တာ ရှိပါတယ်။ အခုတော့ thithtoolwin website ကလည်း အကြမ်းဖက်အားပေး စာမျက်နှာဖြစ်သွားပြီဆိုတော့ ရေးသားပေးပို့ခြင်း မရှိတော့ပါဘူး။

ဦးသိန်းစိန်အစိုးရလက်ထက် သတင်းတွေအပေါ် အလေးထားခြင်းက အများပြည်သူနစ်နာဆုံးရှုံးနေတဲ့ ကိစ္စတွေ ရေးသားဖော်ထုတ်မှုတွေကို စနစ်တကျ စိစစ်ဖို့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ကို ချက်ချင်းညွှန်ကြားတာမျိုး ရှိတယ်။ ရေးသားဖော်ပြလိုက်ပြီဆိုတာနဲ့ တစ်ပတ်အတွင်း ကာယကံရှင်တောင်သူများကို ခေါ်ယူစစ်ဆေးတာမျိုး၊ ညှိနှိုင်းဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့တယ်။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ် အလေးထားမှုကို ပြသတဲ့သဘောပါပဲ။

မြို့နယ်၊ ခရိုင်အဆင့်မှာ ငွေရှင်ကြေးရှင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး အလွဲသုံးစားလုပ်တာလည်း ရှိကောင်းရှိမှာပေါ့။ လိမ်ညာဖုံးကွယ်တာမျိုးတွေလည်း ရှိမှာပေါ့။ လိမ်ချင်တိုင်း လိမ်လို့မရဘူး။ ညာချင်တိုင်း ညာလို့မရဘူး။ ဖုံးကွယ်ချင်တိုင်း ဖုံးကွယ်လို့ မရဘူး။

ဦးသိန်းစိန်အစိုးရ က အဲဒီလောက်အထိ အလေးထားဆောင်ရွက်ပေးခဲ့တာတောင်မှပဲ လယ်ယာမြေပြဿနာတွေက မပြီးပြတ်ခဲ့ပါဘူး။ အဓိကအကြောင်းအရင်းကတော့ ဘယ်အစိုးရဖြစ်ဖြစ် အုပ်ချုပ်ရေးယန္တရားမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေရဲ့ အချိန်စွဲမှု၊ မသိကျိုးကျွန်ပြုမှု၊ ဥပဒေမဲ့ ဆောင်ရွက်မှုတွေက ရှိနေတာဖြစ်လို့ မပြီးပြတ်ခဲ့ပါဘူး။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မပြီးပြတ်လို့ NLD အစိုးရလက်ထက်မှာ ပြီးပြတ်လားလို့ မေးရင် အဝေးကြီးပါ။ NLD အစိုးရလက်ထက်ကို ရောက်လာတော့ အုပ်ချုပ်ရေးယန္တရားမှာလည်း ကိုယ်ကျိုးရှာလိုသူတွေ ရှိသလို၊ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခြယ်လှယ်ခြင်းကိုပါ ခံရလို့ ဘယ်ကိစ္စမှ မပြီးပြတ်တဲ့အပြင် အလွဲသုံးစားလုပ်မှုတွေကို ခံခဲ့ကြရပါတယ်။ ဒါကြောင့်လည်း ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရလက်ထက် အခြေအနေကို အထွေအထူး မပြောလိုခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ နီးတော့မှ NLD ကို မဲထည့်ရင် လယ်ယာမြေကိစ္စတွေ ပြီးပြတ်အောင် ဖြေရှင်းပေးမယ်ဆိုတဲ့ သတင်းစကားတွေ ထွက်လာပါတယ်။ အစိုးရတစ်ရပ်ရဲ့ ယုတ်မာမှု၊ ကောက်ကျစ်စဉ်းလဲမှုကို ပြည်သူတွေ မမြင်ခဲ့ကြပါဘူး။

ဦးသိန်းစိန်အစိုးရ၊ ဒေါ်စုအစိုးရ ဟာ ရွေးကောက်ခံ အစိုးရဖြစ်တယ်။ နစကအစိုးရဟာ အခြေအနေအရ တာဝန်ထမ်းဆောင်နေရတဲ့ အစိုးရဖြစ်တယ်လို့ ပြောလိုကလည်း ပြောနိုင်ပါတယ်။ မတူညီပါဘူး။ တိုင်းရင်းသားပြည်သူတွေအကျိုးကို ဆောင်ရွက်လိုခြင်းကြောင့် တိုင်းပြည်ရဲ့ အာဏာကို ရယူသူ၊ တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးလိုခြင်းကြောင့် တိုင်းပြည်ရဲ့ အာဏာကို ရယူသူ ဆိုတာလည်း ကွဲပြားပါတယ်။ မတူညီပါဘူး။

နစကအစိုးရဖြစ်ပေါ်လာခြင်းက တိုင်းပြည်ကိုစနစ်တကျ ဖျက်ဆီးလိုသူတွေရဲ့ လက်ထဲကနေ လက်မတင်လေး ကယ်တင်ခဲ့ရတဲ့ အခြေအနေမဟုတ်ပါလား။ မဲလိမ် မဲခိုးမှု မဲမသမာမှုတွေကြောင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်းမှာ အာဏာလက်မဲ့ ဖြစ်ပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ နိုင်ငံရေးအစွန်းရောက်တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေကို နစက အနေနဲ့ အချိန်နဲ့အမျှ တုန့်ပြန်ဖြေရှင်းနေရတယ်။

ဆိုတဲ့အခါကြတော့ အများပြည်သူ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရေးသားဖော်ပြမှုတွေကို နစကအနေနဲ့ အာရုံမစိုက်နိုင်တော့ဘူး။ နစကရဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် ရေးသားဖော်ပြနေမှုတွေကိုပဲ အစဉ်တစိုက် စောင့်ကြည့်နေရတဲ့ သဘောဖြစ်နေတယ်။

မပြီးပြတ်သေးတဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာတွေနဲ့ ပတ်သက်လို့၊ ပညာရေးနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ ရာထူတိုး အပြောင်းအရွှေ့ ပြဿနာတွေနဲ့ ပတ်သက်လို့၊ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် အတိဒုက္ခရောက်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နစကအစိုးရအနေနဲ့ ဘာတစ်ခုမှ အာရုံမစိုက်နိုင်ဘူး။ အာရုံမစိုက်နိုင်တဲ့အတွက်ကြောင့် ယန္တရားကိုလည်း မထိန်းကျောင်းနိုင်ဘူး။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က နိုင်ငံတော်အစိုးရရဲ့ မူဝါဒတွေကို သတင်းစာရှင်းလင်းပွဲကနေ ပြောတယ်။ မြို့နယ်၊ ခရိုင်အဆင့်မှာ ဒီမူဝါတွေကို တကယ်အကောင်အထည်မဖော်ကြဘူး။ အကောင်အထည် မဖော်လို့လည်း အရေးယူဆောင်ရွက်တာ မရှိဘူး။ 

ဦးသိန်းစိန် အစိုးရကိုလည်း ပြန်တမ်းတလို့ မရပါဘူး။ ကျွန်တော်တို့တွေက ဖြစ်ပေါ်ပြောင်းလဲမှုတွေထဲကနေ သင်ခန်းစာယူတဲ့ သဘောပဲ ရှိပါတယ်။ ဦးသိန်းစိန်အစိုးရ ကလည်း သူ့နည်းသူ့ဟန်သူ အလုပ် လုပ်ခဲ့သလို ဒေါ်စုအစိုးရဟာလည်း သူ့နည်းသူ့ဟန်နဲ့သူ စနစ်တကျ ဖျက်ဆီးခဲ့ပါတယ်။ နစက အစိုးရဟာလည်း သူ့နည်းသူ့ဟန်နဲ့သူ အလုပ် လုပ်နေပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေနဲ့လည်း ဦးသိန်းစိန်ရဲ့ လုပ်နည်း လုပ်ဟန်တွေကို သိရှိပြီး ဖြစ်မှာပါပဲ။ အထင်ရှားဆုံး သာဓကအနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့က ပြင်ဦးလွင်မြို့တော်ကို Green City, Smart City ဖော်ဆောင်ဆောင်မယ်။ လယ်ယာမြေတွေကို ဥပဒေအရ ခွင့်ပြုပေးထားခြင်းမရှိဘဲ တခြားနည်းနဲ့ အသုံးပြုနေတာတွေကို အရေးယူဆောင်ရွက်ဖို့ လမ်းညွှန်ထားတယ်။ ကော်ဖီခြံမြေအဖြစ် ချထားပေးခဲ့တာတွေကို လွှဲပြောင်းရောင်းချနေတာတွေနဲ့ ပတ်သက်လို့ အရေးယူမယ် လို့ ဆိုတယ်။

စစ်ဆေးရေးကော်မတီတွေ ဖွဲ့စည်းပေးထားတယ်။ ကော်ဖီခြံမြေတွေကို လွှဲပြောင်းရောင်းချနေတဲ့ သူတွေက အစိုးရအရာရှိကြီးတွေ၊ တပ်မတော်အရာရှိတွေ ပါဝင်နေတယ်။ စိစစ်ရေးအဖွဲ့ဝင်တွေမှာ လုပ်ရကိုင်ရ ခက်နေတယ်။ တချို့သော လုပ်ငန်းရှင်တွေက လယ်ယာမြေတွေကို အခြားနည်းအသုံးပြုခွင့်မရဘဲ လမ်းဖောက်၊ ခြံကွက်ရိုက် ရောင်းနေတာတွေ ရှိတယ်။ အခုမှ မဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး ယနေ့တိုင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများက မသိလို့လား ဆိုရင် ဘယ်ဟုတ်ပါ့မလဲ။ အဲဒီလို လုပ်နေသူတွေက သူတို့ထက် အဆင့်မြင့်တဲ့သူတွေ ဖြစ်နေလို့ မသိကျိုးကျွန်ပြုပေးထားခဲ့ရတာ။ အုပ်ချုပ်ရေးဆိုတာကလည်း တစ်နေရာတည်းမှ တစ်သမတ်တည်း တာဝန်ထမ်းဆောင်ရတာ မဟုတ်။ တစ်နေရာနဲ့ တစ်နေရာ ပြောင်းရွှေ့နေကြတာဖြစ်လို့ ကိစ္စရပ်တစ်ခုကို တာဝန်ခံ၊ တာဝန်ယူ စရာမလိုပါဘူး။ ဒီမြို့နယ်ကို ရောက်လာတဲ့သူက ရောက်လာတဲ့အခိုက် ဥပဒေမဲ့ လုပ်ဆောင်နေသော အရာရှိကြီးများရဲ့ ဆောင်ရွက်ချက်များကို မသိကျိုးကျွန်ပြုပေးထားမယ်။ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေကို အချိန်စွဲပြီး အလုပ် လုပ်မယ်။ ပြောင်းသွားတဲ့အခါ သူနဲ့ ဘာမှမဆိုင်တော့ဘူး။ နောက်တစ်ယောက် ရောက်လာလည်း အဆင့်မြင့် အရာရှိကြီးတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို မသိကျိုးကျွန်ပြုပေးရတာပဲ။

အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေ၊ ခြိမ်းခြောက်ခံရတဲ့ ပြည်သူတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခြင်း မပြုရဲဘူး။ ခြိမ်းခြောက်ခံရတဲ့ ပြည်သူတွေအနေနဲ့ ရဲစခန်း၊ ထွေအုပ်ရုံးတွေကို သွားမတိုင်ရဲဘူး။ အကာအကွယ်မပေးတဲ့အပြင် ဒုက္ခပေးခြင်း ခံခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။ နစကအစိုးရအနေနဲ့က အုပ်ချုပ်ရေးယန္တရား မပျက်စီးစေရေး CDM မလုပ်ဘဲ တာဝန်ထမ်းဆောင်နေသူတွေကို မျက်နှာသာပေးထားရတဲ့ ကာလဖြစ်နေတယ်။ နစက ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဖရဲသီး ပြဿနာကလည်း ရှိနေတယ်။ ပြည်သူကို အကာအကွယ်ပေးရမယ့် သူတွေ ကိုယ်တိုင်မှာက ကာကွယ်ရေးပစ္စည်း အလုံအလောက် ရှိနေဘူး။

နစကရဲ့ အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ဖို့ အသက်နဲ့ရင်းပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ပေးနေကြသူတွေ ရှိတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားပြီး ယနေ့တိုင်အောင် လုပ်ကြံသတ်ဖြတ်နေကြဆဲ ဖြစ်တယ်။ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သတ်ဖြတ်ခံရမှုတွေကို သတင်းထုတ်ပြန်ပေးနေတာ တွေ့ရပါတယ်။ အဲဒီလို အသတ်ခံနေရတဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်မခံရအောင် မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်ပေးထားလဲ။ ဘယ်လိုမှ စီစဉ်ဆောင်ရွက်ပေးထားတာ မရှိဘူး။ အကြမ်းဖက်သမားနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ ဓားလေးတွေ ဆောင်ထားကြတာ ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဓားဆောင်ထားတာကို ရဲက တွေ့တော့ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးလိုက်တယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)