နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများအပေါ် သုံးသပ်တင်ပြခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများအပေါ် သုံးသပ်တင်ပြခြင်း



၁။ အမေရိကန်ဗဟိုဘဏ်မှ ၎င်း၏မူဝါဒအတိုးနှုန်းကို (၂၁.၉.၂၀၂၂) ရက်နေ့တွင် ၂.၅ ရာခိုင်နှုန်းမှ ၃.၂၅ ရာခိုင်နှုန်းသို့ ထပ်မံတိုးမြှင့်ခဲ့ခြင်းနှင့် အတိုးနှုန်းများ ဆက်လက်မြှင့်တင်နိုင်ဖွယ် ရှိခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာမြင့်တက်လျက်ရှိပြီး အခြားနိုင်ငံခြားငွေမာများဖြစ်သည့် ယူရို၊ ဂျပန် ယန်း၊ ကိုရီးယားဝမ်၊ထိုင်းဘတ်နှင့်တရုတ်ယွမ်တို့မှာ တန်ဖိုးများသိသာစွာ ကျဆင်းလျက်ရှိပါသည်။ (၃၁.၃.၂၀၂၂) ရက်နေ့နှင့် (၂၉.၉.၂၀၂၂) ရက်နေ့များရှိ USD Index ကို နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာမှာ ၁၄ ရာခိုင်နှုန်းတန်ဖိုးမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက အခြားနိုင်ငံခြားငွေမာများ ဖြစ်သည့် ယူရို၁၄.၇ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၁၈.၅ ရာခိုင်နှုန်း၊ ကိုရီးယားဝမ် ၁၈.၂ ရာခိုင်နှုန်း၊ ထိုင်းဘတ် ၁၄.၃ ရာခိုင် နှုန်းနှင့် တရုတ်ယွမ် ၁၂.၈ ရာခိုင်နှုန်း အသီးသီးတန်ဖိုး ကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ 


၂။ မြန်မာနိုင်ငံတွင်လည်းအမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေလဲလှယ်နှုန်းသည်(၃၁.၃.၂၀၂၂)ရက် နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၀၄၅ ကျပ် ရှိရာမှ တစ်ဖြေးဖြေးမြင့်တက်လာပြီး (၃၁.၈.၂၀၂၂) ရက်နေ့တွင်အမြင့်ဆုံး ၄,၁၀၀ ကျပ်သို့ရောက်ရှိခဲ့ရာမှ (၂၉.၉.၂၀၂၂) ရက်နေ့တွင်အမေရိကန် တစ်ဒေါ်လာ လျှင် ကျပ် ၂,၉၅၀ သို့လည်းကောင်း၊ (၃၀.၉.၂၀၂၂) ရက်နေ့တွင် ကျပ် ၂,၇၀၀ ~ ၂,၈၅၀ သို့ ကျဆင်းလာ ကြောင်းတွေ့ရပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်တွင် ငွေလဲလှယ်နှုန်း လွန်စွာမြင့်မားမှုသည် ဖြစ်သင့်သည့်နှုန်းထက် ပိုမိုမြင့်မားခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာ ဈေးကစားသူများမှ အုပ်စုဖွဲ့၍ဈေးကစားမှုများ (Manipulation) ကြောင့်လည်းကောင်း၊ သတင်းမီဒီယာများမှ အမေရိကန် ဒေါ်လာသည် ၅,၀၀၀ ကျပ်ခန့်ထိ မြင့်တက်မည်ဟု ရေးသားချက်များကြောင့်လည်းကောင်း၊ ပြည်သူများ အနေဖြင့်ဈေးတက်မည်ကိုစိုးရိမ်၍ လက်ရှိနှင့် အနာဂတ်ပေးချေမှုများအတွက် ကြိုတင်ဝယ်ယူမှုများကြောင့် လည်းကောင်း၊ ငွေလဲလှယ်နှုန်းသည် ဖြစ်သင့်သည်ထက် ပိုမိုမြင့်မားခဲ့ခြင်းဖြစ်ပါသည်။ 


၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ USD Index ပြောင်းလဲမှု၊ မြန်မာနိုင်ငံ၏ကုန်သွယ်မှုလိုငွေ အခြေအနေ၊ အမေရိကန်ဒေါ်လာ စီးဝင်/စီးထွက်မှုအခြေအနေစသည့် ကိန်းရှင်များအပေါ်အခြေခံ၍ လေ့လာဆန်းစစ်ချက်များအရ  အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် (၂) ဆကျော်ခန့်ရှိကြောင်းတွေ့ရှိရပါသည်။ အဆိုပါခန့်မှန်းချက်များပေါ်အခြေခံ၍ (၃၁.၃.၂၀၂၂) ရက်နေ့ မှ (၂၉.၉.၂၀၂၂) ရက်နေ့အထိ (၆) လတာကာလအတွင်း အမေရိကန်ဒေါ်လာမှာ ၁၄ ရာခိုင်နှုန်း တန်ဖိုး မြင့်တက်ခဲ့ခြင်းကြောင့် မြန်မာကျပ်ငွေ ၂၈ ရာခိုင်နှုန်းခန့်တန်ဖိုးကျဆင်းမည်ဟု ယူဆခန့်မှန်း တွက်ချက်ပါကအမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်တွင် အမေရိ ကန်တစ်ဒေါ်လာလျှင် ကျပ် ၂,၆၁၇ ~ ၂,၆၅၅  ခန့်ရှိမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလဆန်းကခန့်မှန်းခဲ့ပါသည်။ 


၄။ အလားတူ ကမ္ဘာ့ရွှေဈေးအားလေ့လာရာ (၃၁.၃.၂၀၂၂) ရက်နေ့မှ (၂၉.၉.၂၀၂၂) ရက်နေ့အထိ (၆) လတာကာလအတွင်း ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁,၉၂၆ ဒေါ်လာမှ ၁,၆၆၉ ဒေါ်လာသို့ ကျဆင်း ခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာ (၃၁.၃.၂၀၂၂) ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂,၀၂၄,၀၀၀ မှ (၃၀.၈.၂၀၂၂) ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၃,၃၀၀,၀၀၀ သို့ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး (၂၉.၉.၂၀၂၂) ရက်နေ့တွင် ကျပ် ၂,၄၈၀,၀၀၀ သို့ ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။ ထိုသို့ ကျဆင်းရခြင်းမှာ နိုင်ငံတော်အစိုးရ အနေဖြင့်ရွှေစင် ရွှေတုံးများ၊ ဒင်္ဂါးပြားများကို အများပြည်သူသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ရောင်းချပေးလျက်ရှိခြင်းနှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီမှလည်း တရားဝင်ရွှေဈေးကွက်များ ဖြစ်ပေါ်စေရေး၊  ဈေးနှုန်း များတည်ငြိမ်ရေး၊ ပြည်တွင်းရွှေဈေးကွက်ကိုလည်း နိုင်ငံတကာစံနှုန်းများအတိုင်း ရောင်းချသွားနိုင်ရေး တို့အတွက် ရွှေလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။


၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိငွေလဲလှယ်နှုန်းမြင့်တက်မှုသည် ဖြစ်သင့်သည့်နှုန်း ထက်မြင့်တက်နေကြောင်းသိရှိသဖြင့် ငွေလဲလှယ်နှုန်းတည်ငြိမ်ရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက် သို့ အမေရိကန်ဒေါ်လာပံ့ပိုးပေးနိုင်ရန်  ဘဏ်များသို့ FX Swap Bank to Bank Facility အရ စက်သုံးဆီ တင်သွင်းသူများအားအမေရိကန်ဒေါ်လာထုတ်ချေးပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးမှ သတ်မှတ်ရက် အတွင်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများ ဝင်ရောက်စေရန်နှင့် နယ်စပ်ကုန်သွယ် မှုတွင် ဘဏ်လုပ်ငန်းစနစ် ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေးနှင့် ယွမ်၊ ထိုင်းဘတ်ငွေများ ပြန်လည်ဝင်ရောက်စေရန် ကြပ်မတ် ဆောင်ရွက်ခြင်း၊ အဓိကမဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာ ဦးစားပေး ရောင်းချပေးခြင်း၊ အစိုးရချင်းပို့ကုန် တင်ပို့မှုများတွင် လိုအပ်သော Export Financing ပေးနိုင်ရေးအတွက် လိုအပ်သည့်ညှိနှိုင်းမှုများပြုလုပ်ပေးခြင်း၊ သွင်းကုန်အပါအဝင် အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုများ အား အခြားငွေကြေး (ဥပမာ - ယွမ်၊ ထိုင်းဘတ်) များဖြင့် ပေးချေနိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအားညှိနှိုင်းစေခြင်း၊ FX Inflow/Outflow အခြေအနေများအား လေ့လာသုံးသပ်လျက် လိုအပ် သောမူဝါဒဆိုင်ရာ တုန့်ပြန်မှုများကို ဆောင်ရွက်လျက်ရှိသဖြင့် အမေရိကန်ဒေါ်လာမှာ တစ်ဖြေးဖြေး ကျဆင်းပြီး ဖြစ်သင့်သည့်နှုန်းထားသို့ တစ်ဖြေးဖြေး ရောက်ရှိလာမည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)