MNP - စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်း သာယာရေးတို့အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်း သာယာရေးတို့အတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်း (၅) ကြောင်းဖြင့် ရပ်ရွာအတွင်း ကွင်းဆင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှတာဝန်ရှိသူများ ဆောင်ရွက်မည်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ချစ်စုဝေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment