ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၂)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၂)ကျင်းပ



MNP -  စက်တင်ဘာ   ၂၃


ပဲခူးတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး(၄/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အကျိုးသက်ရောက်မှုကြောင့် ယခင်လာရောက်လည်ပတ်နေသည့် အခြားနိုင်ငံခြားသားများအပြင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားများလာရောက်လည်ပတ်ကြတော့မည်ဖြစ်ကြောင်း၊ မကြာမီမိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော သမိုင်းဝင်နေရာများ၊ စိမ်းလန်းစိုပြေတဲ့ သဘာဝတောတောင်ရေမြေ အလှအပများကို အသုံးချပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဦးတည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုနှစ်စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” ဆိုသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးသစ်များဖြင့် ကြိုတင်ကြံဆဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်အဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ကော်မတီအနေဖြင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိရေးနှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားလာမှု(၁)ခု၊ ခရီးသွားဧည့်လမ်းညွှန်သက်တမ်းတိုးခြင်း(၄)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း(၁၀)ခုတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)