စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ပတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲနှင့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ပတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲနှင့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အခမ်းအနား တက်ရောက်






MNP ၊ စက်တင်ဘာ ၉        

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး အနီးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့၏ အထင်ကရ နေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ပတ္တမြားစေတီသို့ သွားလာသည့် ကွန်ကရစ်လမ်း သစ်ဖြစ်သည့်အတွက် စစ်ကိုင်းမြို့၏ သမိုင်းဝင်မှတ်တိုင် စိုက်ထူသည့်နေ့ဟု ခေါ်ဆိုလို့ရပါကြောင်း၊ စစ်ကိုင်းမြို့၏ ထူးခြားသည့် ဘာသာရေးရိုးရာပွဲတော်တွေဖြစ်သည့် ဝါတွင်းကာလ စစ်ကိုင်းတောင် ဘုရားပွဲစဉ်များအနက်မှ နှစ်စဉ် တော်သလင်းလပြည့်နေ့တွင် ပြုလုပ်သည့် ပတ္တမြားစေတီဘုရားပွဲတော်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ရပ်ကွက်ဆွမ်းတော်ကြီးအသင်း များမှ ဆွမ်းကပ်လှူဒါန်းခြင်းများ ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့် သည်တော်များ လာရောက်ဖူးမျှော်လေ့ရှိကြပါကြောင်း၊ စစ်ကိုင်းမြို့သည် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးမှ အားထားရာ မြို့တစ်မြို့ဖြစ်ပြီး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေးသာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ဒေသဖွံ့ဖြိးရေးအတွက် ရလဒ်ကောင်းတစ်ခု ရရှိစေမှာဖြစ်ပါ ကြောင်း၊ ယခုဖွင့်လှစ်သည့်လမ်းသည် ယခင်က ကတ္တရာလမ်းဟောင်း တစ်ခုဖြစ်ခဲ့သော်လည်း ကာလရှည်ကြာ၍ ရာသီဥတုဒဏ်နှင့် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းခြင်း၊ မိုးရေ တိုက်စားမှုကြောင့် လမ်းမှာပျက်စီး၍ သွားလာမှုခက်ခဲခဲ့ပါကြောင်း၊ ပတ္တမြားစေတီတောင် တက်လမ်းသွားလာမှု ချောမွေ့ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့နှင့် အလှူရှင်မိဘပြည်သူများက ကွန်ကရစ်လမ်းအား စုပေါင်းလှူဒါန်းငွေ များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ကွန်ကရစ်လမ်း ဆောင် ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဆင့်၊ လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ အလှူရှင် ဦးအုပ်စိုးတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက လမ်းဖွင့် ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များပေးအပ်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ ပတ္တမြားစေတီ တောင်တက်လမ်းသည် အရှည်- ၅၂၀၀ ပေ၊ အကျယ်- ၁၄ ပေ၊ ၆ လက်မထု ကွန်ကရစ်လမ်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန် -၁၀၀၊ စေတနာ ရှင်မိဘပြည်သူများမှ ငွေကျပ် - ၈၃၁ သိန်း၊ တိုင်းဒသေကြီး စည်ပင်သာယာရေးအဖွဲ့မှ ဘိလပ်မြေအိတ် - ၄၀၀၀ အိတ်၊ စုစုပေါင်းကုန်ကျငွေကျပ် - ၁၁၇၁ သိန်းဖြင့် ဆောင်ရွက်ခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပတ္တမြားစေတီတော် ရင်ပြင်တော်တွင် ကျင်းပပြုလုပ်သော  မတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်းခြင်း အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။       


ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် ပဓါနနာယကဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက တာဝန်ရှိ သူများထံ စုစုပေါင်းငွေကျပ်- ၉၃၁ သိန်း၊ ဘိလပ်မြေအိတ် - ၄၀၀၀ အိတ်အား ပေးအပ်လှူဒါန်း ပြီး ဆရာတော်၊အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် ပဓါနနာယကဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသော နိုင်ငံတကာစာတက်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား သည်။


ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းက နိုင်ငံတကာစာတက်မြောက်ရေးနေ့သို့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများက မွန်ရိုးရာအကဖြင့် ဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွက် ငွေကျပ် - ၅ သိန်းအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတကာစာတက် မြောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)