နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လူထုအခြေပြုဗဟိုဌာန ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် လူထုအခြေပြုဗဟိုဌာန ပန္နက်တင်မင်္ဂလာ အခမ်းအနားတက်ရောက်






MNP ၊ စက်တင်ဘာ ၁၀

လူထုအခြေပြုဗဟိုဌာန (Community Centre) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် အကွက်အမှတ်(၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မင်္ဂလာအချိန်တွင် သတ်မှတ်နေရာများ၌ မင်္ဂလာပန္နက်တိုင်များစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တိုင်းဒေသကြီးအကျိုး သယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်မည့် လူထုအခြေပြုဗဟိုဌာနကို တိုင်းဒေသကြီးတွင် တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လူထုအခြေပြုဗဟိုဌာနဆိုသည်မှာ ပြည်သူလူထုက စိတ်ဝင်စားသော၊ အကူအညီတောင်းခံနိုင်သော၊ ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ပေးနိုင်သော၊ အသိပညာဗဟုသုတများ ဆည်းပူးဖလှယ်နိုင်သော၊ ဒေသအတွက် အကျိုးရှိရာရှိကြောင်း ဆွေးနွေးနိုင်ရန် သတင်းအချက်အလက်များ ရယူနိုင်သော အသိပညာ ဗဟုသုတများတည်ရှိရာ နေရာဖြစ်ပါကြောင်း။


 လူထုအခြေပြုဗဟိုဌာနတွင် စာကြည့်တိုက်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ အားကစားခန်း စသည့် ကဏ္ဍစုံပါဝင်ပါသဖြင့် ဒေသခံပြည်များအတွက် များစွာအကျိုးရှိပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန သတ်မှတ်အရည်အသွေးများ ပြည့်မီစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေး အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) တည်ဆောက်နိုင်ရေး အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း‌ ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် နိုင်ငံတော်တာဝန်များ သယ်ပိုးဆောင်ရွက် ပေးနေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် လူထုအခြေပြုဗဟိုဌာန (Community Centre) တည်ဆောက်ပြီးစီးပါက ဒေသအတွက် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အသိပညာဗဟုသုတများကို ရှာဖွေလေ့လာနိုင်ကာ ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီး ဖျော်ဖြေရေးအဖွဲ့များ၏ ကပြမှုများကို ကြည့်ရှုအားပေးကြကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ ဘက်စုံအဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက ၁၀၀ စံပြကွက်သို့သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ အဆင်မြင့် နည်းပညာသုံးစံပြကျေးရွာ၊ ဧက ၁၀၀ စံပြကွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဗဟိုဒေသသုတေသနဗဟို(မြောင်းမြ)တာဝန်ခံတို့က မျိုးသန့်မျိုးစပါးထုတ်လုပ်မှု၊ စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ စမ်းသပ်ယှဉ်ပြိုင်ကွက်များ ဆောင်ရွက်ထားရှိမှုနှင့် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာ အသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုမှုများ ပိုမိုဆောင်ရွက်စေရေး၊ တောင်သူအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေရေးနှင့် သုတေသနပြုလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်၍ တောင်သူများ ထံချပြဆွေးနွေးစေရေးမှာကြားခဲ့ကာ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့တို့သည် ပန်းတနော်မြို့နယ်ရှိ စူပရင်း ဘိုင်အိုတတ် (Supreme BioTech) ဇီဝမြေသြဇာ စက်ရုံအမှတ်(၁) ပသွယ်သို့သွားရောက်ရာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိန်မြင့်နှင့် Dy. CEO ဦးထူးထူးအောင်တို့က စူပရင်းဘိုင်အိုတတ် (Supreme BioTech)၏ ဦးတည်ချက်များ၊ ဘိုင်အိုစူပရင်း ဇီဝမြေသြဇာ အကြောင်းအရာ အချက်အလက်များ၊ ဇီဝမြေသြဇာထုတ်လုပ်မှု အဆင့်ဆင့်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ စူပရင်းဘိုင်အိုတတ်(Supreme BioTech) ဇီဝမြေသြဇာစက်ရုံအမှတ်(၁) ပသွယ်မှ လစဉ်ဇီဝမြေသြဇာ ၅၀ ကီလိုဂရမ်အိတ်(၂၀၀၀၀) (မက်ထရစ်တန်၁၀၀၀) ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)