ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားများ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက် လာနိုင်စေရေးအတွက် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားများ ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက် လာနိုင်စေရေးအတွက် ကျင်းပ


MNP ၊ စက်တင်ဘာ ၃၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းလမ်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင် (ရုံးချုပ်)တွင် ကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ (World Maritime Day 2022) အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ဌာနအကြီးအမှူးများ၊ တာဝန်ရှိသူများ၊ ရေကြောင်း ဘက်ဆိုင်ရာ ပြည်တွင်း အဖွဲ့အစည်းများ ဖြစ်သော ပင်လယ်ရေကြောင်း သင်္ဘောလိုင်း ကုမ္ပဏီများ၊ မြန်မာ သင်္ဘောသားများ အဖွဲ့အစည်း၊ ဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီများ၊ ရေကြောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်ပိုင်ရှင်အသင်း စသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ပင်လယ်ရေကြောင်း နေ့ အထိမ်းအမှတ် အခမ်းအနားများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်(IMO)က ကြီးမှူး၍ ရေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် အထူးဂရုပြု ဆောင်ရွက် လာနိုင်စေရေးအတွက် အဖွဲ့ဝင် နိုင်ငံများတွင် နှစ်စဉ်တစ်ပြိုင်တည်း ကျင်းပကြပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ယနေ့ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများတွင် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ အထိမ်းအမှတ် ရောင်စုံမီးများကိုလည်း ဂုဏ်ပြုထွန်းညှိသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၂ခုနှစ်၊ ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ရေကြောင်း ပတ်ဝန်းကျင် စိမ်းလန်းဖို့ နည်းပညာသစ်များ အသုံးပြုစို့ (New Technologies for Greener Shipping)”ဟူ၍ ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ဖွံ့ဖြိုး၍ ပိုမိုစိမ်းလန်းသော ရေကြောင်း လုပ်ငန်းကို အသုံးပြုခြင်းသည် ရေကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း သစ်များနှင့် အလုံးစုံ တိုးတက်စေရေးအတွက် အလားအလာ များစွာကို ဖော်ဆောင် ပေးပါကြောင်း၊ ဤသို့ ဖွံ့ဖြိုး တိုးတက်လာရန် အတွက် နည်းပညာသာမက ဘဏ္ဍာရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာရေး သည်လည်း မလွဲမသွေ လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေဖြင့်လည်း ရန်ပုံငွေနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆိုင်ရာများကို ထိရောက်အောင် ကူညီပံ့ပိုးပေးရန်၊ ဖွံ့ဖြိုးဆဲ နိုင်ငံအချင်းချင်းသော် လည်းကောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံတို့အကြားတွင် လည်းကောင်း နည်းပညာများ လက်ဆင့်ကမ်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရေရှည် စိမ်းလန်း၍ တည်တံ့သော ရေကြောင်း အနာဂတ်အတွက် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ IMO အတွင်းရေးမှူးချုပ် Mr. Kitack Lim ထံမှ ပေးပို့သော Video Message ကို ပြသသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗိုလ်တထောင် မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (ရုံးချုပ်)သို့ ရောက်ရှိပြီး ဌာနအလိုက်မှ တာဝန်ခံများက လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဈေးကွက်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ရရှိထားသည့် အဆင့်ကို ရေရှည် ထိန်းသိမ်းနိုင်ရေး၊ အသေးစား၊ အလတ်စား စီးပွားရေး ကုမ္ပဏီများနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်ပြီး Business to Business ဝန်ဆောင်မှုများ ဆက်လက် တိုးချဲ့ဆောင်ရွက်ရေး၊ ပိုမို အောင်မြင် ဖြစ်ထွန်းရေးအတွက် မဟာဗျူဟာထားရှိ အကောင်အထည် ဖော်သွားရေး၊ Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒ သတ်မှတ်ချက်များကို အလေးအနက်ထား၍ တိကျစွာ စိစစ် ဆောင်ရွက်ပေးရေး မှာကြားပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့စာတိုက် လုပ်ငန်း ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိပြီး ချောစာ၊ ချောထုပ် လက်ခံထုပ်ပိုးမှု၊ သယ်ယူ ဖြန့်ဝေရေးနှင့် ချောစာ၊ ချောထုပ်များ လက်ခံရာတွင် သေချာစွာ စစ်ဆေးရှာဖွေရေး လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်၏ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်က ယခု ပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှု၊ ကျောင်းဆောင်များ၊ သရုပ်ပြခန်းများ၊ စာကြည့်တိုက်နှင့် အားကစား ဆိုင်ရာ တည်ဆောက်နေမှု တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကျောင်းဆောင်များ စနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ လုံခြုံရေးနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအား စာသင်ခန်းများတွင် နည်းပြဆရာများ သင်ကြားမှု ပိုမို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးစေရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်သလို ဖြည့်ဆည်းပေးရေး၊ စာသင်ခန်းများ အလင်းရောင် ပိုမိုရရှိရေး၊ ဘာသာရပ်အလိုက် သက်ဆိုင်သည့် ဌာနများမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ အချိန်ပိုင်း သင်ကြားပို့ချနိုင်ရန် ညှိနှိုင်းရေး လိုအပ်ချက်များကို မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှု၊ ကျောင်းဝင်းအတွင်း သန့်ရှင်း သပ်ရပ်မှု၊ ရေယာဉ်အမြန်နှုန်း တိုင်းတာတွက်ချက်သည့် Towing Test Tank လက်တွေ့ဆောင်ရွက်မှု၊ စာကြည့်တိုက် ရွှေ့ပြောင်းပြီးစီးမှု၊ တက္ကသိုလ်ဝင်းအတွင်း ပလက်ဖောင်း ပြုပြင်မှုနှင့် ဘောလုံးကွင်းနှင့် ဘတ်စကက်ဘောကွင်းများ တည်ဆောက်ပြီးစီးမှု တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)