စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 


MNP - စက်တင်ဘာ   ၇


စစ်ကိုင်းတိုင်းဒေသကြီး မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊  တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးအားဖြင့် အရေးပါတဲ့တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ၂၁၂.၇၉ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ၅၀၄.၃၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၄.၃၀ ရာခိုင်နှုန်း ရှိတဲ့အတွက် တိုင်းဒေသကြီးစီးပွားရေးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးရေးအပေါ် မှီခိုနေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ စုစုပေါင်းမြေရိယာ ၂၃၁ သိန်းကျော်ရှိတဲ့အနက် အသားတင်စိုက်ပျိုးမြေ ၄၅.၆ သိန်းကျော်ရှိပြီး သီးထပ်၊သီးညှပ် ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးအပြင် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံ စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်နေကြာ ဧက ၃.၅ သိန်းခန့်စိုက်ပျိုးပြီး ၂၀၂၂-၂၀၂၃ ခုနှစ်ခုနှစ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပြီး တစ်ဧကဆီထွက်နှုန်းမြင့်မားသည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊  အသားကဏ္ဍနှင့် စပ်လျဉ်း၍ စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်တဲ့ အသားများအတွက် မျိုးကောင်းမျိုးသန့် များရရှိ မွေးမြူထုတ်လုပ်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက် ပေးသွားမှာဖြစ်သလို အဟာရပြည့်ဝပြီး ဈေးနှုန်းချိုသာသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များအား ပြည်သူများပေါများစွာ စားသုံးနိုင်ကြရန်အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်မှုမရှိစေဘဲ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့် ရေထွက်ကုန်အခြေခံသည့် ကုန်ချောထုတ်လုပ်တင်ပို့မှု တိုးမြှင့်ရေး လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် လုပ်ငန်းစဉ်ကွင်းဆက် တစ်လျောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်း၍ သမားရိုးကျ ထုတ်လုပ်မှုမှ စံချိန်းစံ ညွှန်းပြည့်မီသည့် အရည်အသွေးကောင်း ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပြီး ရေရှည်တည်တံ့သော စီးပွားဖြစ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ကြိုးပမ်းရန်လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။     


ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းညွှန်ကြားရေးမှူး ဦးဝင်းလိူင်က ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် သြဂုတ်လအထိ GDP စီမံကိန်းလျာထားချက်အပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက မိုးသီးနှံစိုက်ပျိုးပြီးစီးမှု၊ မိုးနှောင်းရာ သီစိုက်ပျိုးရန် ဆောင်ရွက်မည့်အစီအစဉ်များနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က သီးနှံလျာထားဧက ပြည့်မီရေးအတွက် လိုအပ်ချက်များနှင့် ဆောင်ရွက်ရန်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က အသား၊ ဥနှင့်နို့ထွက် ပစ္စည်းထုတ်လုပ်ရေး တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဆုမျိုးသွယ်က သားငါးပေါက်ထုတ်လုပ်ရေးနှင့် ငါးရိက္ခာတိုးမြင့်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး ပျားမွေးမြူရေးဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းဒေသကြီး တာဝန်ခံမှ ပျားရည်ထုတ်လုပ်မှုလျာထားချက် ပြည့်မီရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်မျိုးလွင်က မြစိမ်းရောင်စီမံကိန်း၊ လယ်ယာကဏ္ဍဆောင်ရွက်မှုများနှင့် တောင်သူလယ်သမားများအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုး၊ မွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်မှုအား ဆွေးနွေးတင်ပြပြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ မန်နေဂျာက မိုးသီးနှံချေးငွေ ထုတ်ပေးမှုနှင့် မိုးနှောင်းသီးနှံ ချေးငွေထုတ်ပေးမည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ (ဆည်မြောင်း) တိုင်းဒေသကြီးဦးစီးမှူး ဦးစောသက်ခိုင်ဝင်းက ဆည်၊ ကန်၊ တမံများ၏ ရေသိုလှောင်နိုင်မှုနှင့် ရေပေးဝေမှု အစီအစဉ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ (ရေအရင်းအမြစ်) တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်က မြစ်ရေတင်ဧရိယာများမှ ရေပေးဝေမည့်အစီအစဉ်နှင့် SoLar စနစ်ဖြင့် ရေတင်နိုင်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသောင်းထိုက်က လယ်ယာသုံးစက် ကိရိယာ ကိုင်တွယ်အသုံးပြုနိုင်ရေး ပညာပေးမည့် အစီအစဉ်နှင့် ကောက်စိုက်စက်၊ ရိတ်သိမ်း စက်များ အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းထဋ်ကိုက တိုင်းအတွင်းရှိ လယ်ယာကဏ္ဍ စိုက်ပျိုးမွေးမြူရေးဆိုင်ရာစက်ရုံများ ထူထောင်ထားရှိမှု၊ လည်ပတ်နေမှုနှင့် တိုးချဲ့ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကုန်သွယ်နိုင်မှုအခြေအနေ၊ လက်ရှိဈေးနှုန်းနှင့် ဈေးကွက်အလားအလာများအား ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး မြန်မာကုန်သွယ်မြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်နှင်းပန်းဖြူက လယ်ယာထွက်ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က လယ်ယာထွက်ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့် ဟင်းသီးဟင်းရွက်များနှင့် သားငါး၊ ရိက္ခာ လွယ်ကူစွာရောင်းချနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော မွေးမြူရေးလုပ်ငန်းရှင်အဖွဲ့များ၊ ကုန်သည်စက်မှုလုပ်ငန်းရှင်များ၊ မုံရွာကုန်စည်ဒိုင်မှ တာဝန်ရှိသူများက လယ်ယာထွက်ကုန်များ တိုးမြင့်ရောင်းချနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက် လိုသည်များအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်အကြံပြု တင်ပြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိုးနှောင်းရာသီ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက Kubota ၆ တန်းသွား ကောက်စိုက်စက်၊ Sonalika ထွန်စက်၊ Mobile Solar Irrigation Sprinkler (Rain Gun)၊ Hydroponic မြေမဲ့စိုက်ပျိုးနည်းစနစ် တည်ဆောက်နေမှုများနှင့် စိုက်ပျိုးရေး? မွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ရေးပြခန်းများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)