ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လွယ်ဂျယ်မြို့နယ်စပ် ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ် ကုန်စည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လွယ်ဂျယ်မြို့နယ်စပ် ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ် ကုန်စည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး




MNP - စက်တင်ဘာ   ၆


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ်ကုန်စည် ပြန်လည်စီးဆင်းရာတွင် စနစ်တကျဖြစ်စေရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲများကို စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ တာဝန်ရှိ သူများနှင့်အတူ လွယ်ဂျယ်မြို့ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များ၊ သွင်းကုန်/ ပို့ကုန် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ−တရုတ်နှစ်နိုင်ငံ ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ စည်းကမ်းရှိရှိဖြင့် စီမံဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် ကုန်စည်တင်ပို့မည့် မော်တော်ယာဉ်များအား စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီဖြစ်စေရန် အားလုံးက အလေးထား လိုက်နာဆောင်ရွက်ကြရေး၊ ပို့ကုန်များတင်ပို့ရာတွင် လွယ်ကူမြန်ဆန်စေရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝ ရရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး မှာကြားသည်။


ယင်းနောက် ခရိုင်မြန်မာ−တရုတ်ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က နှစ်နိုင်ငံ ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးမောင်မောင်လွင်က ကုန်သွယ်မှုလုပ်ငန်းများနှင့် နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်စည်တင်ပို့နိုင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာသည့် ကုန်သည်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများက စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျော၊ ဖရဲနှင့် ကြံသီးနှံများ၊ ပစ္စည်းများတင်ပို့မှုနှင့် ပတ်သက်၍ ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးသည် မင်္ဂလာလွယ်ဂျယ်ကားကြီးကွင်းအတွင်း ပို့ကုန်/ သွင်းကုန်များ လဲလှယ်တင်ပို့ရာတွင် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကုန်စည်များနှင့် ကုန်တင်ယာဉ်များအား ပိုးသတ်ခြင်းလုပ်ငန်းဆောင်ရွက်သည့် နေရာများ၊ ကုန်တင်ကုန်ချရပ်နားသည့် နေရာများ၊ ကုန်စည်များ လဲလှယ်တင်ပို့သည့်နေရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် လွယ်ဂျယ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး အားပေးစကားများ ပြောကြားကြကာ တက်ရောက်လာသူများက လွယ်ဂျယ်မြို့တွင် ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းလိုအပ်ချက်များ အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ အခြေခံပညာကျောင်း(၁၀) ကျောင်းအတွက် ငွေကျပ် ၁၀ သိန်း၊ ကျန်းမာရေးဝန်ထမ်းများ အတွက် ငွေကျပ် ၂ သိန်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ လီဆူ ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် ၂၅ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးက လွယ်ဂျယ်မြို့ရှိ မြန်မာ−တရုတ်၊ လွယ်ဂျယ်−ကျန်းဖုန်း နယ်စပ်စစ်ဆေးရေးဂိတ်အမှတ် (၂)ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လွယ်ဂျယ်မြို့ စည်သာယာ အဆင့်မြင့် ဈေးဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကာ မြန်မာ−တရုတ် နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ် အမှတ် (၁)အနီးရှိ မြန်မာ−တရုတ် နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)