တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအားပေး

 


MNP - စက်တင်ဘာ   ၂၇


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့အမှတ်(၃)အခြေခံ ပညာအထက်တန်း ကျောင်းအဆောက်အဦရှေ့တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ဇာတ်တိုက်လေ့ကျင့်ရာတွင်သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တို့က မီးငြှိမ်းသတ်ယာဉ်၊ လူနာကူညီ သယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား အသုံးပြု၍ကယ်ဆယ်ခြင်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။ 


ထို့နောက်ငလျင်လှုပ်ခတ်ပြီးသည့်နက်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအားလိုက်လံ ရှာဖွေပြီးရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ အဆောက်အဦ အပြင်ဘက်သို့လျင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


၎င်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် မိဘများထံ စနစ်တကျ လွှဲပြောင်းပေးခြင်း တို့ကိုအချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)