စဉ့်ကူးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ဖြင့်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ဖြင့်ထုတ်ပေး




MNP - စက်တင်ဘာ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင် ကျေးရွာ(၃)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ဖြင့် ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁ဝ)နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ ကျွန်းဦးကျေးရွာ၊ မကွေးတရာကျေးရွာ၊ ရွာတော်လေးကျေးရွာ စုစုပေါင်း ကျေးရွာ (၃) ရွာတို့မှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၂၆၂)ဦးတို့အား ချေးငွေကျပ် (၈၅.၅)သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ (၁၀၇)ဦးတို့အား ချေးငွေကျပ်(၂၈.၉)သန်း၊ အရောင်းအဝယ် (၁၁)ဦးတို့အား ချေးငွေကျပ်(၄.၀၅)သန်း၊ အသက်မွေးလုပ်ငန်းလုပ်ကိုင်သူ (၂၄)ဦးတို့အား ချေးငွေ(၅.၃)သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ (၁၂) ဦး တို့အား ချေးငွေ(၃.၃)သန်း၊ စုစုပေါင်းကျေးရွာသုံးရွာမှ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသူ/အသင်းသား စုစုပေါင်း(၄၁၆)ဦးတို့အတွက် စီမံကိန်းရန်ပုံငွေကျပ် (၁၂၇.၀၅) သန်း ထုတ်ချေးပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့်ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)