လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်




MNP ၊ စက်တင်ဘာ ၂၄

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အတူ စက်တင်ဘာ (၂၀) ရက်တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) နှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် ICAR-Indian Agricultural Research Institute သို့သွားရောက်၍ သုတေသန စိုက်ကွင်းများအား လေ့လာကြပြီး မြန်မာနိုင်ငံနှင့်သင့်တော်သော သက်တမ်းအလိုက် သီးပွင့်၍ သက်တမ်းတိုသော ပဲစင်းငုံမျိုးများနှင့် ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းမြင့်မားသော ပဲတီစိမ်းမျိုးများ၊ အလုံးအရွယ်ကြီး၍ အဖြူရောင်ရှိသော ကုလားပဲမျိုးများ ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။


ယင်းနောက် Dr. Swami Nathan စာကြည့်တိုက်တွင် ICAR မှ Dr. A. K. Singh နှင့် ပညာရှင် များက ICAR နှင့် NSC တို့၏ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှုများနှင့် ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များကိုလည်း ကောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation နှင့် ပုဂ္ဂလိက အဖွဲ့အစည်း၊ တောင်သူအဖွဲ့အစည်းများပူးပေါင်း၍ မျိုးစေ့ထုတ်လုပ်မှုကို နိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။


ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ နေပြည်တော် ရေဆင်း ရှိ Advanced Centre for Agricultural Research and Education (ACARE)တွင် စွမ်းဆောင်ရည် မြင့်မားသော လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် လယ်ယာထွက်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းပညာများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် တန်ဖိုးမြင့်ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာများ ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနေမှုများကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားသည်။


ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲမျိုးစုံအခြေခံသည့် တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်လျက်ရှိသည့် နယူးဒေလီမြို့ရှိ BIKANO ကုမ္ပဏီ ၏ အရောင်းမြှင့်တင်ရေးစင်တာသို့ သွားရောက်၍ ပဲမျိုးစုံဖြင့် ထုတ်လုပ်ထားသော မုန့်ပဲသရေစာများ၊ အသင့်စားဟင်းလျာများ ရောင်းချနေမှုကို ကြည့်ရှု လေ့လာကြသည်။


စက်တင်ဘာ(၂၁)ရက်တွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မွန်ဘိုင်းမြို့ Sofitel Hotel တွင် အိန္ဒိယ နိုင်ငံ ပဲမျိုးစုံအသင်း India Pulses and Grains Association (IPGA) ၊ Overseas Agro Traders Association(OATA) နှင့် မြန်မာနိုင်ငံ ပဲ၊ ပြောင်းနှင့် နှမ်းအသင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြပြီး (IPGA) ဥက္ကဌ Mr.Bimbal Kothari ၊ (OATA) ဥက္ကဌ Mr.Shyam Narsaria နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်တို့က မြန်မာအိန္ဒိယ နှစ်နိုင်ငံအကြား ပဲမျိုးစုံ ကူးသန်းရောင်းဝယ်မှု အခြေအနေနှင့် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်၊ ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန် အခြေအနေများ၊ ပြောင်း၊ နှမ်းနှင့် ဆီထွက်သီးနှံများ ကုန်သွယ်မှုအခြေအနေ များကို ဆွေးနွေးကြရာ တက်ရောက်လာသူများက ပေါင်းစပ်ဆွေးနွေးကြသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အိန္ဒိယနိုင်ငံ၏ စားသုံးသူရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့အကြား မတ်ပဲနှင့် ပဲစဉ်းငုံသီးနှံ တင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ်အထိ လက်မှတ်ရေးထိုးထားပါကြောင်း၊ ထို့အပြင် ပဲတီစိမ်းသီးနှံကိုလည်း ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှုအနေဖြင့် ယခုတင်ပို့လျက်ရှိသော ပဲမျိုးများအပြင် ပဲနီလေး၊ ပဲဝါလေး၊ ပဲရာဇာ၊ မြေထောက်ပဲများကိုလည်း တိုးမြှင့်ထုတ်လုပ်တင်ပို့သွားရန် လိုအပ်ပါကြောင်း။


လက်ရှိအခြေအနေတွင် သွင်းအားစု ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့်မှုကြောင့်၊ ထုတ်လုပ်မှုစရိတ် မြင့်တက်နေသည့်အပြင် သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် သီးနှံ ဈေးနှုန်းများ မြင့်တက်နိုင်ပါကြောင်း၊ သို့ဖြစ်၍ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန် မြန်မာ နှင့် အိန္ဒိယနိုင်ငံကြား Coastal Liner ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေးစနစ်ဖြင့် တိုက်ရိုက် တင်ပို့နိုင်ပါက စားသုံးသူများအတွက် ဈေးနှုန်းသက်သာစေနိုင်ကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း၊ ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် သာမကသယ်ယူရေး ပို့ဆောင်ရေးတန်ဘိုးမြှင့် ထုတ်ကုန်လုပ်ငန်း များတွင်လည်း ရင်းနှီးမြှုပ်နှံ ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ (IPGA) ဥက္ကဌ Mr.Bimbal Kothari ၊ (OATA) ဥက္ကဌ Mr.Shyam Narsaria တို့သည် India CBS ရုပ်သံဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားကြသည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး နှင့်အတူ မွန်ဘိုင်းမြို့ JW Marriot Hotel တွင် Mahyco မျိုးစေ့ထုတ်ကုမ္ပဏီ၊ Safal ကုမ္ပဏီနှင့် Metahelix ကုမ္ပဏီ တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝါသီးနှံ နှင့် ဆီထွက်နေကြာသီးနှံမျိုးစေ့များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရေး၊ စမ်းသပ်သုတေသနလုပ်ငန်းများဆောင်ရွက်ရေး၊ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ၏ မျိုးစေ့ထုတ် ကုမ္ပဏီများ ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ရေးဆိုင်ရာများကိုလည်းကောင်း၊ DVC ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဆီသန့်စက်ရုံတည်ဆောက်ရေး လုပ်ငန်းများတွင် လာရောက်ရင်းနှီး မြုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ(၂၂)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)