ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

 



MNP - စက်တင်ဘာ   ၂၈


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ငလျင်ဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအဖြစ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အင်အားကြီးငလျင် လှုပ်ခတ်ရာတွင် ဘေးကင်းစေရန်အတွက် ခိုင်ခံ့သောစာရေးခုံ၊ ထိုင်ခုံအောက်တို့တွင် ဝင်ရောက်ခိုလှုံနေကြပြီး ငလျင်လှုပ်ခတ်မှု တည်ငြိမ်သွားသည့်အခါ ဆရာတစ်ဦးက ကျောင်းခေါင်းလောင်းတီးကာ အချက်ပေးပြီး ဘေးလွတ်ရာစုရပ်သို့ လွယ်အိတ်ကို အကာအကွယ်ပြု၍ ရှောင်ရှားမှုကို သဏ္ဍာန်တူ လေ့ကျင့်သရုပ်ပြသခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြခြင်း၊ ရှာဖွယ်ကယ်ဆယ်ရေး မပြုလုပ်မီ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးကိရိယာ ဖြစ်သည့် Leader Sentry ခေါ်ထောက်လှမ်းကိရိယာဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦအား ထပ်မံပြိုကျမှု ရှိ၊ မရှိ သိရှိစေရန် လေဆာရောင်ခြည်အသုံးပြု၍ အာရုံခံစနစ် အသံဖြင့် အချက်ပေးသော ကိရိယာကို အသုံးပြုကာလေ့လာခဲ့ခြင်းများကိုဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။


ထိုသို့ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ သဏ္ဍာန်တူလေ့ကျင့် ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ငလျင်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများကို ကျေးဇူးတင်ဂုဏ်ပြု စကားပြောကြားကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် တပ်ဖွဲ့၊ ဌာန၊ အဖွဲ့အစည်းများအား ထောက်ပံ့ငွေများပေးအပ်ချီမြှင့်ကာ ငလျင်ဘေးအတွက်ကြိုတင်ပြင်ဆင်ခြင်း ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါဇာတ်တိုက်လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား ၄၀၀ ကျော်တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)